မဲခေါင်၊ နိုဝင်ဘာ ၁၇
ကရင်နီပြည်၌ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသော CDM များကို ထောက်ပံ့ကူညီမှု ပေးအပ်သွားမည် ဟု ကရင်နီပြည် CDM ကော်မတီထံမှ သိရသည်။
ထို့ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသော CDM များအနေဖြင့် CDM ပြုလုပ်ခဲ့သော ရက်စွဲနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့သောရက်စွဲ၊ မြို့နယ်၊ ဌာန၊ ရာထူး၊ ရုံး၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့သော အကြောင်းအရင်း၊ ဆက်သွယ်ရန်ဖုန်း နံပါတ်၊ သို့မဟုတ် signal နံပါတ်၊ အခြား မျှဝေလိုသောအချက်များ၊ သတင်းစကားများ၊ ကြုံတွေ့ခံစားနေရ သည့် အခြေအနေများကို ဖြည့်စွက်ရေးသားပြီး Karenni State SDM Committee ဖေ့စ်ဘွတ်ခ်စာမျက်နှာသို့ ပေးပို့နိုင်ကြောင်း ယင်းကော်မတီက အသိပေးထုတ်ပြန်ထားသည်။
ထို့ပေးပို့လာသော လျှောက်လွှာများကို အချက်အလက်များကို စိစစ်ပြီး ထောက်ပံ့မှုပေးနိုင်ရန် အကြောင်းပြန်ကြားပေးမည် ဟု ဆိုသည်။
ယင်းကော်မတီအနေဖြင့် တော်လှန်ရေးကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးခဲ့ရသော ကရင်နီ ပြည်နယ်ရှိ CDM များ၏ မိသားစုထံသို့ ထောက်ပံ့ကူညီပေးရင်း နောက်ထပ်အစီအစဥ်အဖြစ် ကိုယ်လက် အင်္ဂါဆုံးရှုံးခဲ့သော CDM များအား ထောက်ပံ့ကူညီခြင်း အစီအစဥ်ကို ဆောင်ရွက်ခြင်းဖြစ်သည်။
ကော်မတီအနေဖြင့် အခြားအခက်အခဲကြုံတွေ့နေရသည့် CDM များကိုလည်း အကူအညီပေးနိုင်အောင် ဆောင်ရွက်စေလိုကြောင်း ကရင်နီပြည်ရှိ CDM တစ်ဦးက ပြောသည်။
“အခြား အခက်အခဲကြုံနေရတဲ့ CDM တွေကိုလည်းကူညီနိုင်စေချင်တယ်။ ကလေးတွေနဲ့ အ ခက်အခဲကြုံနေရတဲ့သူတွေတို့ အလုပ်အကိုင်ခက်ခဲနေတဲ့သူတွေတို့ စသဖြင့်ပေါ့။ ငွေကြေးထောက်ပံ့ကူညီတာ မျိုးပဲမဟုတ်ပဲနဲ့ အလုပ်အကိုင် ဖန်တီးပေးတာမျိုးတို့ကိုလည်း လုပ်ပေးစေချင်တယ်”ဟု ၎င်းက ပြောသည်။
ကရင်နီပြည် CDMကော်မတီအနေဖြင့် CDMများအားလုံးကို ထောက်ပံ့ပေးနိုင်ရန် ကြိုးစားနေပြီး ငွေကြေးအခက်အခဲရှိသဖြင့် အပိုင်းလိုက်သာ ထောက်ပံ့နိုင်သေးကြောင်း ကော်မတီတာဝန်ရှိသူတဦးကပြောသည်။
“အဓိကအခက်အခဲကတော့ ငွေပေါ့ ။ အခုကတော့ ငွေရှာနေတယ်ပေါ့။ ဆက်ပြီးတော့ CDMအားလုံးကိုထောက်ပံ့ပေးဖို့ရှိတယ်။ အကျဉ်းကျနေတဲ့ CDMတွေကို ထောက်ပံ့ဖို့ပါ စဉ်းစားထားတာရှိတယ်ပေါ့နော် အဲ့တော့ အကျဉ်းကျနေတဲ့ CDMတွေကို ဘယ်လိုထောက်ပံ့မလဲဆိုတာကတော့ နည်းလမ်းရှာမယ်ပေါ့” ဟု၎င်းကပြောသည်။
ယင်းကော်မတီအနေဖြင့် စက်တင်ဘာလနှင့် ယခု နိုဝင်ဘာလအတွင်း အသက်ဆုံးရှုံးခဲ့ရသော ကရင်နီပြည် CDM များ၏ မိသားစုဝင် ၁၅ ဦးကို ထောက်ပံ့ကူညီမှု ပေးနိုင်ခဲ့သည်။
#MeKongNews
#ကရင်နီ
#CDM
#ကိုယ်လက်အင်္ဂါဆုံးရှုံး
#ထောက်ပံ့ကူညီ








