မဲခေါင်၊ နိုဝင်ဘာ ၁၇
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၌ ယခုရာသီ တောင်ယာသိမ်းချိန်တွင် ငရုတ်သီး၊ အာလူး၊ ခရမ်းချဉ်သီး၊ ထောပတ်၊ လက်ဖက်များ ခိုးသောသူခိုးများ သောင်းကျန်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး တောင်သူများစားဝတ်နေရေး ခက်ခဲနေကြချိန်တွင် ယခုကဲ့သို့ ခြံထွက်သီးနှံများပါ ခိုးယူမှုများပြားနေခြင်းကြောင့် အရင်းအနှီးပြန်မရမည်ကို တောင်သူများ စိုးရိမ်နေရကြောင်း ၎င်းတို့က ပြောသည်။
“ငရုတ်သီးက ခူးပြီးပြီ။ အိမ်ယူပြီး အိမ်အောက်မှာ အခြောက်လှန်းနေတာတောင် ဖျာပါမပြီး ခိုးသွားတယ်။ လက်ဖက်ဆိုလည်း တစ်ရွက်ချင်းခူးရတာတောင် ပျောက်တယ်။ ငရုတ်သီးခြံ၊ ထောပတ်ခြံ၊ အာလူးခြံတို့ဆို ညအိပ် စောင့်ရတယ်၊ ညဘက်မစောင့်ရင် ပျောက်ပြီ။ သူခိုးကအရမ်းသောင်းကျန်းတယ်။ သီးနှံမကပါဘူး ကော်ဖီပျိုးပင်၊ လက်ဖက်ပျိုးပင်ဆိုလည်း ခိုးနုတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
သူခိုးများသည် အဖွဲ့လိုက်ဖြစ်ကြပြီး ဓား၊ တုတ်၊ သေနတ်ပါ ကိုင်ဆောင်ကြသဖြင့် ညဘက် တောင်ယာခြံစောင့်ချိန်တွင် မိမိအသက်အန္တရာယ် ရန်ပြုလာမည်ကိုလည်း စိုးရိမ်နေရကြောင်း ၎င်းတို့က ပြောသည်။
“ကျမဦးလေးဆို သူ့အာလူးခြံကို တစ်ယောက်ထဲစောင့်တာ သူခိုးကအဖွဲ့လိုက်နဲ့ လာတယ်။ သေနတ်၊ တုတ်၊ ကားတွေပါ ပါလာတော့ ဦးလေးက ပြန်ပြေးရတယ်။ သူခိုးကို ဖမ်းမိရင်လည်း PNO ကို အပ်တာ သူတို့က အရေးမယူဘူး၊ တစ်ပတ်လောက်ပဲ ဖမ်းထားပြီး ပြန်လွှတ်ပေးတယ်။ ထိထိရောက်ရောက် အရေးမယူတော့ သူခိုးကလည်း ပိုပိုရဲလာတယ်။ ပိုပြီးတော့တောင် ခိုးလာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးသုံးသူလည်း များလာသကဲ့သို့ အွန်လိုင်းဂိမ်းကစားပြီး အရှုံးများလာကြခြင်း၏ နောက်ဆက်တွဲကြောင့် သီးနှံခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှု၊ အကြမ်းဖက်မှု တို့များလာကြောင်း သိရသည်။
#MeKongNews
#ပင်လောင်း
#ရှမ်းတောင်
#သီးနှံသူခိုး
#သောင်းကျန်း








