မဲခေါင်၊ နိုဝင်ဘာ ၁8
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း – ပစ အဖြစ်အမှုထမ်းခဲ့ရသူများကို သုံးပုံတစ်ပုံလျှော့ပေါ့ခွင့် ရရှိသည့် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်အောင် တာဝန်ထမ်းပြီးသူများဟု ဆိုကာ တာဝန်ထမ်းဆောင်ပြီးကြောင်း လက်မှတ်များပေးအပ်မှုအရ ထွက်ခွင့်ရသူရာဂဏန်းမျှသာ ရှိနိုင်သဖြင့် ကျန်ပစများမှာ သေဆုံးနှင့် ပြုန်းတီးအင်အားများဖြစ်နိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်တွင် တောင်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်သည့် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်အောင် တာဝန်ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည့်ပွဲ၌ ထွက်ခွင့်ရသူများမှာ တပ်တွင်းမိသားစုဝင်များ ဖြစ်သည်ဟု စစ်ရေးသတင်းများ ဖော်ပြနေသည့် CDM ဗိုလ်ကြီးဇင်ယော်က မဲခေါင်သို့ ပြောသည်။
“၈ လပိုင်းထဲက ထုတ်ပေးထားတာကို ခုမှစုပြီးလုပ်တာဆိုတော့ တွေ့မြင်ရတဲ့ လက်မှတ်အရ တနင်္သာရီတိုင်း သရက်ချောင်းအခြေစိုက် ခမရ ၄၀၃ က မှီခိုသူသားသမီးတစ်ဦး ဖြစ်နေတာကို တွေ့ရပါတယ်။ ပြီးတော့ ကျန်းမာရေးအရ ထွက်ခွင့်ပေးတယ် ဆိုရပြန်အောင်ကလည်း ကူးစက်ရောဂါသမားတွေတောင် မသေမချင်းခိုင်းစား နေဆဲသာ ရှိပါသေးတယ်။ ဒါကြောင့် အဆိုပါ ဝါဒဖြန့်မှုကို လုံးဝမယုံစားမိဖို့ နောက်တစ်ချက်က သတ်မှတ်ကာလ ၂ နှစ် ပြည့်မြောက်တဲ့အချိန်မှာ အုပ်ထိန်းသူမိဘတွေအနေနဲ့ အမှန်တကယ်ထွက်ခွင့်ရကြဖို့ လက်လှမ်းမီသမျှ အပူတပြင်း သွေးမအေးဘဲ ချိတ်ဆက်ဆောင်ရွက်ဖို့ အရေးကြီးလှပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်သည် အတုအယောင် ထွက်ခွင့်ပေးသည်ကိုပင် စံပြအနေဖြင့် ဝင်ရောက်ဟန် ပြပေးသည့် တပ်တွင်းမိသားစုများကိုသာ အသုံးပြုသွားခြင်းဖြစ်ပြီး အလုပ်အကိုင်ရရှိရေးအတွက် ပြည်ပနိုင်ငံများသို့ စေလွှတ်မည်ဆိုရာတွင်လည်း တပ်တွင်းမိသားစုများကို စည်းရုံးရေးလုပ်ရင်း ပြည်သူများကိုပါ တစ်ခါတည်း ဝါဒဖြန့်သွားသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ယင်းထွက်ခွင့်ပေးခြင်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက် စာချုပ်ချုပ်ဆိုသည့်ရက်မှ စတင် ရေတွက်ထားသည်ကို တွေ့ရပြီး ဝါဒဖြန့်ရုပ်သံတွင်တွေ့ရသည့် တာဝန်ကျေလက်မှတ် မှတ်တမ်းအရ ယခု ၂၀၂၅ ခုနှစ် သြဂုတ် ၈ ရက် ကတည်းက ထွက်ခွင့်ပြုထားသည့် လူသစ်စစ်သားများဖြင့် အခမ်းအနား ပြန်လည်လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည့်အတွက် ယင်းဖြစ်စဉ်မှာ သွေးရိုးသားရိုးမဟုတ် ဟု ဆိုသည်။
စစ်တပ်တွင် အမြဲတမ်းတပ်ဖွဲ့ဝင် အသက် ၆၀ ပြည့်သည့် ခေါင်းဖြူအိုမင်းသူများကိုပင် ပေးမထွက်ဘဲ ယခုကဲ့သို့ ပစ များကို ကတိအတိုင်း စစ်မှုထမ်းသက်မပြည့်မီ လျှော့ပေါ့ထွက်ခွင့်ပေးကြောင်း ပြသသည်မှာ လူထုသို့ လိမ်လည်ထောင်ချောက်ဆင် ခြင်းသာဖြစ်သည် ဟု စစ်ရေးအကဲခတ်များက ပြောသည်။
“သူတို့ ထွက်ခွင့်ပြုတာ ရာဂဏန်းလောက်ပဲဆိုတော့ သင်တန်းတစ်ပတ်ကို အနည်းဆုံး ၅၀၀၀ ထောင်ရှိတာ၊ အခု ထွက်ခွင့် ၁၀၀၀ ပဲထားဦး ကျန်တာကထွက်ခွင့်မရတာလား၊ သေကုန်တာလား၊ ထွက်ပြေးကုန်တာလား ဘာပဲဖြစ် ဖြစ် ပြုန်းတီးစာရင်း ဝင်ကုန်တာပဲ” ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
စစ်မှုထမ်းသက် ၂ နှစ် ပြည့်ရန် ၅ လခန့်လိုသေးသည့် ကာလတွင် တစ်ပတ်စဥ်ထဲ လူအင်အား ၄၀၀၀ မျှ ပြုန်းတီး သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဤနှုန်းအတိုင်း ပျမ်းမျှတွက်ချက်ပါက အပတ်စဉ်(၁၈)အထိ သင်တန်းဆင်းပြီးသည့် အင်အား ၉ သောင်းထဲမှ အလွန်ဆုံး အင်အား ၅ သောင်းခန့်မျှသာ ရှိနိုင်သဖြင့် စစ်တပ်သည် ပစ များကို လူသားဒိုင်းအဖြစ် အကြင်နာမဲ့ရက်စက်စွာ ခိုင်းစေနေကြောင်း ပေါ်လွင်သည် ဟု ၎င်းက သုံးသပ်သည်။
စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် အဓမ္မ ဖမ်းဆီးစုဆောင်းနေရာ ယခု အပတ်စဥ် (၁၉) အတွက် အိမ်အတွင်းထဲအထိပါ အတင်းဝင်ရောက် ဖမ်းဆီးစုဆောင်းနေသည်။
#MeKongNews
#ပြည်သူ့စစ်မှုထမ်း
#စစ်ကောင်စီ
#သေဆုံး
#ပြုန်းတီးအင်အား








