မဲခေါင်၊ နိုဝင်ဘာ ၁၅
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့တွင် လူသတ်မှုကျူးလွန်သူကို သေဒဏ်အပြစ်ပေးခဲ့ပြီး ရွှေဆိုင်တွင် ရွှေခိုးယူသူကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်သည်ဟု သိရသည်။
ယင်းအမိန့်ချမှတ်သည့် အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဟိုပန်မြို့ရှိ ယဉ်ကျေးမှုကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဟိုပန်မြို့ခံများလည်း သွားရောက်ကြည့်ရှုကြသည်ဟု ဒေသခံများကပြောသည်။
မိုင်းရယ်မြို့မှ ဟိုပန်မြို့တွင် လာရောက်နေထိုင်အလုပ်လုပ်ပြီး လူသတ်မှုကျုးလွန်သည်ဆိုသည့် အသက် ၁၈ နှစ်အရွယ်ရှိ ကိုအိုက်ရီဆိုသူကို သေဒဏ်ဟုလည်းကောင်း၊ နမ့်တစ်မြို့တွင် ရွှေဆိုင်ဖောက်ထွင်းခိုးယူသည့် အသက် ၂၇ နှစ်အရွယ် ကိုအားချန်ဆိုသူကို ထောင်ဒဏ် ၁၅ နှစ်ဟုလည်းကောင်း “ဝ” တပ်ဖွဲ့က အမိန့်ချမှတ်ခဲ့သည်ဟု ဒေသခံတဦးကပြောသည်။
“တယောက်က တရုတ်အမျိုးသမီးကို သတ်လို့ သေဒဏ်ပေးခံရတယ်။ တယောက်က ရွှေသူခိုးတဲ့ သူကိုတော့ ထောင်ဒဏ်ပေါ့။ ၁၅ နှစ်တဲ့။ ကွင်းမှာက အမိန့်ပဲချတာပါ။ သေဒဏ်ကျခံရတဲ့သူကိုတော့ စီရင်တဲ့နေရာကို ခေါ်သွားပြီးစီရင်တာ။ အခုတလော ဟိုပန်မှာက ခိုးမှု သတ်မှုတွေ ခဏခဏဖြစ်နေတော့ အခုလို အပြစ်ပေးပြရင် လျော့သွားမယ်လို့ ထင်တာပဲ”ဟု ဟိုပန်ဒေသခံတဦးကပြောသည်။
ဟိုပန်မြို့တွင် ဆိုင်ကယ်အခိုးခံရသည့် အမှုများ မကြာခဏဖြစ်နေလျက်ရှိပြီး ယခုနိုဝင်ဘာလအတွင်းမှာပင် လူသတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ယင်းဒေသခံကပြောသည်။
“ဝ” တပ်ဖွဲ့ -UWSA နှင့် ကိုးကန့်တပ်ဖွဲ့-MNDAA သည် ယခင်တွင်လည်း ပြစ်မှုကြီး ကျူးလွန်သူများကို အများပြည်သူရှေ့တွင် သေဒဏ်နှင့်နှစ်ရှည်ထောင်ဒဏ်များကို စီရင်လေ့ရှိသည်ကို ယင်းတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရသိရသည်။
နိုဝင်ဘာ ၁၁ ရက်တွင် ကိုးကန့်တပ်ဖွဲ့ -MNDAAက မုံးကိုးမြို့တွင် ရာဇဝတ်မှုကျူးလွန်သူ ၃ ဦးကို သေဒဏ်ချမှတ်ခဲ့သေးသည်။
ပုံအညွှန်း – “ဝ”တပ်ဖွဲ့ က နိုဝင်ဘာ ၁၄ ရက်နေ့နံနက် ဟိုပန်မြို့တွင် ပြစ်မှုကျူးလွန်သူများကို စီရင်ချက်ချမှတ်စဉ်
ဓာတ်ပုံ -“ဝ”လူငယ့်အသံ (WNL)
#MeKongNews
#UWSA
#ဟိုပန်
#သေဒဏ်
#လူသတ်မှု








