မဲခေါင်၊ နိုဝင်ဘာ ၁၃
ရှမ်းပြည်မြောက်ပိုင်းသို့ တက်သည့် ကုန်တင်ယာဥ်များကို လားရှိုးဘက်အထွက် သီပေါတံတားတွင် MNDAA က သွားခွင့်မပြုသဖြင့် ကားများ သီပေါမြို့အတွင်း ရပ်နားစောင့်ဆိုင်းနေကြရကြောင်း ယာဥ်မောင်းများနှင့် ဒေသခံများထံမှ သိရသည်။
“ဘာကုန်ကားမှ တက်လို့မရဘူး။ နိုဝင်ဘာ ၁၁ ရက်ညနေ့က စတာပဲ၊ လားရှိုးဘက်က ရေစုပ်စက်လေးတစ်လုံးမှာတဲ့ ကားလေးတောင် မနက် ၉ နာရီကရောက်တာ ညနေ ၅ နာရီမှ ဖြတ်ရတယ်” ဟု သီပေါ ဇာတ်စုရပ်နေသူတစ်ဦးက ပြောသည်။
လက်ရှိအခြေအနေမှာ ဟိုယဘက်မှစခန်းများကို ဆုတ်ခိုင်းရာမှတဆင့် စစ်ကောင်စီနှင့် MNDAA ဆက်ဆံရေး တင်းမာလာခြင်းဖြစ်သည်ဟု စစ်ရေးအကဲခတ်သူများကလည်း သုံးသပ်သည်။
နိုဝင်ဘာ ၁၁ ရက်က လားရှိူးမြို့ ဆင်နှစ်ကောင်ဟိုတယ်၌ နှစ်ဖက်တွေ့ဆုံမှုတွင် နောင်မွန်နှင့် တန့်ယန်း၊ မိုင်းရယ် မြို့ဖက်သို့သွားသည့် နမ့်ပေါင် – ဟိုယ ရွာများတွင် MNDAA က တပ်စွဲထားသည်ကို ဆုတ်ခွာခိုင်းသည်ကို MNDAA က ငြင်းပယ်ရာမှ နှစ်ဘက် အခြေအနေတင်းမာ လာနေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းတောင်းဆိုမှုကို ရမခစစ်တိုင်းဦးစီးချုပ် ကျော်ထင် အဆင့်နှင့်မရ၍ စစ်ကောင်စီ၏ အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး ကိုယ်တိုင် လားရှိုးမြို့အထိ လာရောက်တွေ့ဆုံပြီး ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။
“ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ကိုယ်တိုင် လာညှိတာ၊ MNDAA က သဘောမတူပါဘူး။ မရလို့ ပြန်သွားပါပြီ။ နောက်ဆက်တွဲက ခုလို နှစ်ဖက်တင်းမာလာတာပဲ” ဟု MNDAA နှင့် နီးစပ်သူ လားရှိုးဒေသခံတစ်ဦးက ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် လားရှိုးမြို့ကို တရုတ်အစိုးရ အကူအညီဖြင့်ပြန်လည်ထိန်းချုပ်စဥ်ကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူသံတမန် တိန့်ရွှီကျွင်းနှင့် ဆွေးနွေးမှုကို ဦးဆောင်ခဲ့သူဖြစ်သကဲ့သို့ MNDAA နှင့် အပစ်ရပ်ဆွေးနွေးပွဲများကိုလည်း စစ်ကောင်စီဘက်မှ ဦးဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ဆုတ်ခိုင်းသည့် နောင်မွန်- နမ့်ပေါင်-ဟိုယ ရွာများမှာ လားရှိုးနှင့် တဆက်တည်းရှိနေတာဖြစ်ပြီး MNDAA မှ ၁၀၂၇ စစ်ဆင်ရေးတွင် သိမ်းယူခဲ့ပြီး လက်ရှိတွင်လည်း အခိုင်အမာတပ်စွဲထားကြောင်း သိရသည်။
စစ်ကောင်စီသည် သိန္နီကို ပြန်တောင်းနေသလို ၎င်းတို့ စစ်ရှုံးထားသည့် နယ်မြေများကို တရုတ်အကူအညီဖြင့် ဖိအားပေးပြန်တောင်းနေခြင်းဖြစ်သည်။
#MeKongNews
#ရှမ်းမြောက်
#လားရှိုး
#MNDAA
#စစ်အင်အား








