မိုးဗြဲနယ်တိုက်ပွဲအတွင်း တော်လှန်ရေးဘက်မှ တပ်ခွဲမှူးအပါ ၂ ဦး ကျဆုံး၊ စစ်ကောင်စီတပ်လည်း သေဆုံးသူများ
မဲခေါင်၊ နိုဝင်ဘာ ၁၂
ရှမ်းတောင်-ကရင်နီနယ်စပ်၊ မိုးဗြဲနယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး တော်လှန်ရေးဘက်မှ တပ်ခွဲမှူးအပါ ၂ ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။
မိုးဗြဲမြို့အတွင်း လွယ်ယင်း၊ မင်္ဂလာ၊ စက်တော်နေရာများတွင် ထိတွေ့မှုများ ရက်ပိုင်းကဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၇ ရက်က တပ်ခွဲမှူးတစ်ဦး ခေါင်းထိခိုက်ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း သိရသည်။
မိုးဗြဲသာမက ပင်လောင်း၊ ဖယ်ခုံဘက်များတွင်လည်း စစ်မြေပြင်အခြေအနေမှာ အဆုတ်အတက်များနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“လက်ရှိက စခတွေဘက် တိုးလိုက်၊ ထိတွေ့မှုဖြစ်လိုက်၊ ပြန်ဆုတ်သွားလိုက်ပဲ။ သူတို့အထိနာတော့ လေယာဥ်ပစ်ကူပါတယ်။ ပြီးတော့ ၄၂၂ ထဲပြန်ဆုတ်သွားတာပဲ၊ မိုးဗြဲစက်တော်ဘက်မှာ ဆိုင်ထားရာကနေ စခဘက်က စိုးမိုးကုန်းလိုချင်လို့ ထိုးတဲ့နေ့ကတစ်ယောက်ကျတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီဘက်မှ မိုးဗြဲဘက်၌ စကခ ၇၊ ခမရ ၄၂၂၊ ဖယ်ခုံဘက်၌ စကခ ၂၊ ခမရ ၄၂၁ တို့က PNO ပြည်သူ့စစ်အင်အား တစ်ထောင်နီးပါးခန့်နှင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း မြေပြင်သတင်းအရင်းမြစ်များထံမှ သိရသည်။
“အောင်ပန်းခုတင် ၇၀၀ ကိုတော့ ၃ ယောက် ရောက်တယ်ကြားတယ်။ ၈ ရက်နေ့က ပင်လောင်း၊ ဖယ်ခုံအနောက်ခြမ်းမှာ ငါးကြင်းမြီး(စက်လတ်)နဲ့ လက်နက်ငယ်တချို့ရတာရှိတယ်” ဟု တော်လှန်ထောက်ပို့တစ်ဦးက ပြောသည်။
ဖယ်ခုံဘက် ဘောရန်တိုက်ပွဲအတွင်း ယင်းလက်နက်များ ရရှိခဲ့ခြင်းဖြစ်ပြီး ပင်လောင်း၊ မြောက်စလုံးရွာဘက်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်က ပြန်လည်ဖြစ်ပွားလာသည့် ရှမ်းတောင်နှင့် ကရင်နီနယ်စပ်မိုးဗြဲ၊ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များအတွင်း KNDF အပါအဝင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။
#MeKongNews
#မိုးဗြဲ
#ကရင်နီ
#တပ်ခွဲမှူး
#ကျဆုံး
Photo – Nge Lay
ပုံအညွှန်း – တော်လှန်ရေးတပ်များ သိမ်းဆည်းရမိသည့် စစ်ကောင်စီလက်နက်များ








