မဲခေါင်၊ နိုဝင်ဘာ ၁၂
ယခုနှစ်မိုးများသဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းဖာမူ၊ ကုန်ပေါ၊ နောင်ဝိုးကျေးရွာများတွင် တောင်သူများစိုက်ပျိုးထားသော ငရုတ်သီး၊ ပဲပုတ်များ ပျက်စီးကုန်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ပင်လောင်းမြို့နယ်တွင် နိုဝင်ဘာ ၁၁ ရက်အထိ မိုးရွာသွန်းနေဆဲဖြစ်ပြီး တောင်သူများစိုက်ပျိုးထားသော ငရုတ်သီး၊ ပဲပုတ်များမသိမ်းနိုင်ဘဲ ပျက်စီးသွားရကြောင်း ဒေသခံများထံမှ သိရသည်။
“ငရုတ်သီးဆိုရင် မှည့်ပြီးသားဆို မခူးရတော့ အပင်ပေါ်ပဲ ပုပ်ကုန်တယ်။ တချို့ဆို ကြွေကုန်တယ်။ ပဲပုတ်ဆိုလည်း တူတူပါပဲ၊ သိမ်းရမယ့်အချိန်မှာ မိုးတွေရွာတော့ အစေ့တွေ အပင်ပေါက်ကုန်တယ်။ မိုးရွာရွာနဲ့သိမ်းထားသူတွေကတော့ မိုးကာနဲ့အုပ်ထားကြတယ်။ ဒါပေမဲ့မိုးစိုထားတော့ မှိုတွေတက်ပြီး အပင်ပေါက်ကုန်တယ်။ ဒီနှစ်က ပြောင်းမစိုက်ရလို့ ပဲပုပ်အစားထိုး စိုက်လိုက်တာ အခုလိုမျိုးဖြစ်သွားတော့ ရှေ့ဆက်ဘယ်လိုဖြေရှင်းရမလဲတောင် မသိတော့ပါဘူး” ဟု တောင်သူတစ်ဦးက မဲခေါင်သို့ပြောသည်။
ပင်လောင်းတောင်ဖက်ရှိ ကျေးရွာအများစုသည် ပြီးခဲ့သည့်နှစ်တွင် ပြောင်း၊ စပါး၊ နေကြာစသည့် ၂ ပေအထက်ရှိသော အပင်ရှည်များကိုပအိုဝ်းပြည်သူ့စစ်-PNO က စိုက်ပျိုးခွင့်မပြုခဲ့ကြောင်း သိရသည်။
“PNO က သူတို့ မြင်ကွင်းပိတ်တယ်ဆိုပြီး တောင်သူတွေ အဓိကစိုက်တဲ့ စပါး၊ ပြောင်း၊ နေကြာကို ပေးမစိုက်ခဲ့ဘူး။ ပဲပုတ်၊ မြေပဲ၊ ငရုတ်သီးတွေပဲ စိုက်လို့ရတယ်။ ခုနှစ်က မိုးလည်းများတော့ စိုက်ထားတဲ့သီးနှံတွေက ပျက်ကုန်တယ်။ အရင်းတောင်ပြန်မရဘူး”ဟု တောင်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ သဘာဝဘေးနှင့် အန္တရာယ်အမျိုးမျိုးကြုံတွေ့နေခြင်းကြောင့် ပင်လောင်းမြို့နယ်ရှိ ဒေသခံများအနေဖြင့် လာမည့်နှစ်တွင် မိသားစု စားဝတ်နေရေးခက်ခဲပြီး မပြေလည်မည်ကို စိုးရိမ်နေကြရကြောင်း ၎င်းတို့ကဆိုသည်။
#MeKongNews
#ပင်လောင်း
#တောင်သူ
#မိုးများ
#ပဲပုတ်








