မဲခေါင်၊ နိုဝင်ဘာ ၆
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် – PNO တို့က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဘောရန်၊ တောင်စလုံး၊ မြောက်စလုံးကျေးရွာ အနီးတစ်ဝိုက်များတွင် ဒေသခံများ စပါးမရိတ်သိမ်းနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်များသည် ပြည်သူများ တောင်ယာခြံထဲသွားလျှင် လက်နက်ကြီး၊ ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေခြင်းကြောင့် ဒေသခံများအနေဖြင့် စိုက်ပျိုးထားသော စပါးများကို မရိတ်သိမ်းနိုင်ဘဲ ငှက်၊ ကြွက်၊ တောဝက်များ ဖျက်ဆီးသွားခြင်း၊ အပင်ကျိုးသွားခြင်း၊ အစေ့ကြွေပြီး အပင်ပေါက်သွားခြင်းများ ကြုံနေရကြောင်း ဒေသခံများက ပြောသည်။
“ရွာသားတွေက အိမ်လည်း မီးရှို့ခံရတယ်။ အိမ်မှာစုထားတဲ့ပစ္စည်း၊ စပါးလည်း မီးထဲပါကုန်တာ။ ပိုင်ဆိုင်သမျှ ပြန်ရနိုင်စရာဆိုလို့ စိုက်ထားတဲ့စပါးပဲ ရှိတယ်ဆိုတော့လေ၊ အန္တရာယ်ကြားမှာ ပြန်ရိတ်နေကြတာ။ တချို့ခြံဆို သိမ်းဖို့လိုနေတာ မသိမ်းရတော့ စပါးတွေက ပျက်စီးကုန်တယ်” ဟု စစ်ရှောင်တစ်ဦးက မဲခေါင်သို့ပြောသည်။
စစ်ကောင်စီတပ်နှင့်ပအိုဝ်းပြည်သူ့စစ် – PNO တပ်များသည် တောင်သူများကို ခြံထဲတွေ့လျှင် ဒရုန်း၊ လက်နက်ကြီး ဖြင့်ပစ်ခတ်တိုက်ခိုက်သည့်အပြင် စနိုက်ပါဖြင့်လည်း ပစ်ခတ်ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှသိရသည်။
ပင်လောင်း-ဖယ်ခုံအစပ် ဘောရန်ရွာ၊ တောင်စလုံး၊ မြောက်စလုံးရွာမှ စစ်ရှောင်နေရသည့် ကျေးရွာသားများမှာ တောထဲတွင် စစ်ရှောင်နေရသည့်အတွက် ယခုရာသီတွင် စောင်၊ အနွေးထည်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။
“ရွာသားတွေက အခုဆို ဖယ်ခုံအနောက်ခြမ်းတောထဲမှာ စစ်ရှောင်နေရတာ၊ ရွာမှာလည်း ပြန်နေလို့မရဘူး။ ရွာမှာက PNO တပ်သားတွေဘဲရှိတယ်။ ခုဆို အေးတဲ့ရာသီလည်း ရောက်တော့ စားနပ်ရိက္ခာအပြင် စောင်၊ အနွေးထည်၊ ဆေးဝါးတွေလည်း အရေးပေါ်လိုတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။
ဘောရန်ရွာ၊ တောင်စလုံး၊ မြောက်စလုံးရွာသို့ အောက်တိုဘာပထမပတ်တွင် စစ်ကောင်စီနှင့် PNO တပ်တို့ စစ်ကြောင်းထိုးဝင်လာပြီးနောက်ရွာသားများ ဘေးကင်းရာထွက်ပြေးတိမ်းရှောင်ခဲ့ရကာရွာသားနေအိမ် ၃၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
အလားတူ ပြီးခဲ့သည့်အောက်တိုဘာ၂၅ရက်တွင် ရှမ်းတောင်နှင့်ထိစပ်နေသည့်ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆိုဘောသဲရွာအနီးတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် စပါးရိတ်သိမ်းနေသောအမျိုးသားတစ်ဦး ထိမှန်သေဆုံးပြီး နောက်တစ်ဦးလည်းထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
#MeKongNews
#ပင်လောင်း
#စစ်ကောင်စီ
#PNO
#ဖယ်ခုံမြို့နယ်








