မဲခေါင်၊ နိုဝင်ဘာ ၄
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်မှ ခရိုင်ရဲဦးစီးမှူး ဒုရဲမှူးသန်းထိုက်ဆိုသူထံ လိုင်းကြေးပေးထားသည့် ဆိုင်ကယ်ကယ်ရီ (ဆိုင်ကယ်သယ်ဆောင်သူ) များကို ခရိုင်ဒုစရိုက်နှိမ်နင်းရေးမှ ဖမ်းဆီး အမှုဖွင့်ခဲ့ကြောင်း ဆိုင်ကယ်ကယ်ရီများနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျိုင်းတုံဘက်မှ မိုင်းတုံကို ဖြတ်ကာသယ်ဆောင်သည့် တရုတ်လုပ်ဆိုင်ကယ်အသစ် ၆စီးကို ခရိုင်ရဲဦးစီးမှူးက တစ်စီးလျင် ကျပ်တစ်သိန်းခွဲစီတောင်းယူခဲ့ကြောင်း၊ သို့သော် ခရိုင်ဒနမှ တာဆန်းတံတားရဲကင်းတွင် ဖမ်းစီးလိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။
“ဒါက ပုံမှန်ပေးနေကြပါ။ ယူတဲ့သူက မျှမစားဘဲ တစ်ဦးထဲစားလို့ မစားရတဲ့သူက ဖမ်းခိုင်းတာ၊ ပေးပေမယ့် ဖမ်းခံရတာ နာတာပေါ့”ဟု ဆိုင်ကယ်ကယ်ရီများနှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ပြောသည်။
လက်ရှိတွင် ယင်းအမှုကို မိုင်းတုံမြို့မရဲစခန်း၌ အမှုဖွင့်ကာ တရားရုံး၌တရားစွဲတင်ထားရှိကြောင်းသိရသည်။
ဒုရဲမှူးသန်းထိုက်မှာ ခရိုင်ရဲဦးစီးဆိုသည့် ရာထူးကို အသုံးချကာ မြို့နယ်၊ စခန်း ရဲလုပ်ငန်းစဥ်များတွင် ညှိနှိုင်းမှုမရှိ ဝင်ရောက်စွက်ဖက်လုပ်ဆောင်နေပြီး ဒေသတွင်း တရားမဝင် သတ္တုတူးဖော်သူများနှင့်လည်း လိုင်းကြေးများကာ မျက်ကွယ်ပြုပေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မိုင်းတုံသည် တာချီလိတ်နှင့် ကားလမ်း ၁၀၂မိုင်ဝေးကွာပြီး တောင်ကြီးဘက်မြို့နယ်နိမိတ် တာဆန်းတံတားသို့ ၃၃မိုင်ကွာဝေးကာ ထိုင်းနယ်စပ်ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် တည်ရှိနေကြောင်း ဒေသန္တရအချက်အလက်များသိရသည်။
#MeKongNews
#တာချီလိတ်
#မိုင်းတုံ
#ခရိုင်ဒန
#ခရိုင်ရဲဦးစီး
#ဆိုင်ကယ်ကယ်ရီ








