မဲခေါင်၊ နိုဝင်ဘာ 4
ရှမ်းပြည်အရှေ့ပိုင်းမြို့နယ်များမှ ဝယ်ယူထားသည့် သံတိုသံစနှင့် သံဟောင်းများကို တောင်ကြီးဘက်သို့ သယ်ဆောင်ခွင့် စစ်ကောင်စီအုပ်ချုပ်ရေးက တားမြစ်လိုက်ကြောင်း ယင်းစျေးကွက်မှ သိရသည်။
ယင်းတားမြစ်ချက်မှာ ယခု နိုဝင်ဘာလဆန်းပိုင်းမှ စတင်ခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့်ဟု တားမြစ်သည်ကို မသိရဟု သံတိုသံစ၊ သံဟောင်းပစ္စည်းများကို ဝယ်ယူစုဆောင်းပြီး တောင်ကြီး၊ မန္တလေးမြို့များရှိ စက်မှုဇုန် သံရည်ကြိုစက်ရုံများသို့ တင်ပို့ရောင်းချနေသည့် လုပ်ငန်းရှင်များနှင့် နီးစပ်သူကပြောသည်။
“ဒီလုပ်ငန်းက စစ်ဘက်ပစ္စည်း ထုတ်လည်းလို့မရပါဘူး။ စစ်ကျန်ပစ္စည်းနဲ့ သူခိုးအားပေးတာကြောင့်လို့လည်း ဘေးကကြားရပေမယ့် ခုကဘာကြောင့်ကန့်သတ်ရတာလည်း မသိဘူး။ လုပ်ငန်းလိုင်စင်နဲ့ စည်ပင်မှာ အခွန်ဆောင်လုပ်နေတာပါ”ဟု ၎င်းက မဲခေါင်သို့ပြောသည်။
သံတိုသံစ ကောက်သူအများစုမှာ အမှန်တကယ် စားဝတ်နေရေးခက်ခဲနေသူများဖြစ်ပြီး ၎င်းတို့အတွက် အခြေခံဝင်ငွေရရှိနိုင်ရေး အဓိကဝင်ငွေရ လုပ်ငန်းဖြစ်နေသဖြင့် ၎င်းတို့ကို လူသားချင်းစာနာထောက်ထားပြီး ယခင်ကဲ့သို့ တ်လပ်စွာရောင်းဝယ်ခွင့်ပြုစေလိုကြသည်ဟု စျေးကွက်လုပ်ငန်းရှင်အချို့က ဆိုသည်။
လက်ရှိတွင် မန္တလေးစက်မှုဇုန်အရောက် သံတစ်ပိဿာလျှင် ကားခ ၅၀၀ကျပ်၊ ကုန်ချိန်ကားတစ်စီးလျှင် ပိဿာချိန် ၈၀၀၀မှ ၁၀၀၀၀ခန့်တင်နိုင်သဖြင့် ကားသမားများအပြန် ခါလီမပြန်ရဘဲ အစားအပြန်ကုန် အဖြစ်တင်ဆောင်နေကြကြောင်းလည်း ကားသမားများထံမှ သိရသည်။
သံတို၊ သံစ၊ သံဟောင်း တစ်ပိဿာလျှင် ကျိုင်းတုံမြို့တွင် ဒိုင်ဝယ်ဈေး ကျပ် ၁၅၀၀နှင့် ၁၆၀၀ဖြစ်ကြောင်း သိရပြီး မန္တလေးစက်မှုဇုံတွင်တစ်ပိဿာကျပ်၂၅၀၀/၂၆၀၀ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချနေကြရကြောင်း သိရသည်။
သံတို၊ သံစ၊ သံဟောင်းနှင့် ဂျပ်ဖာစက္ကူရောင်းဝယ်မှုမှာ ပတ်ဝန်းကျင်သန့်ရှင်းရေး အထောက်အကူပြုသလို အလုပ်အကိုင်ရှားပါးသည့် အောက်ခြေလူတန်းစားများအတွက် ဝင်ငွေရလုပ်ငန်းဖြစ်သည့်အပြင် သံအဟောင်းများမှ ပြန်လည်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများအတွက်လည်း အကျိုးရှိကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။
Photo – Credit
#MeKongNews
#ရှမ်းအရှေ့
#သံတိုသံစ
#မန္တလေး
#တောင်ကြီး
#တားမြစ်








