မဲခေါင်၊ အောက်တိုဘာ ၃၁
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့တွင် ပြည်သူ့စစ် တပ်မဟာ ၇၅၈ မှ ဗိုလ်စိုင်းဆေးစင်ပါ တပ်ဖွဲ့ဝင်များက လက်နက်ကိုင်၍ ပြည်သူပိုင်စက်ရုံအတွင်း ဝင်ရောက်ကာ ခြံစည်းရိုးများ ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ ၃၀ရက် နံနက်ပိုင်းတွင် ပြည်သူ့စစ် ဗိုလ်စိုင်းဆေးစင်နှင့်လက်နက်ကိုင် ၂၀ခန့်က လဲချားမြို့နယ်၊ ဝမ်ဆေကျေးရွာအုပ်စု၊ မတ်လန်းရွာတွင်ရှိသည့် တိုင်းဧကရီ သီးနှံအခြောက်ခံစက်ရုံဝန်းကို ပတ်ပတ်လည်ကာရံထားသည့် ခြံစည်းရိုးကို အင်အားသုံးကာ လာရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီစက်ရုံခြံက မြေစာရင်းပေါက်ပြီးသား။ အခုအုပ်စုလိုက် အနိုင်ကျင့် ခြိမ်းခြောက်ဖျက်စီးနေတာ။ ဘယ်သူက ဖျက်ခိုင်းတာလဲမေးတော့ ဗိုလ်လုံစိုင်းဆေးစင်က ဖျက်ခိုင်းတာတဲ့။ တားသူရှိရင် ပစ်ဖို့အမိန့်ပေးထားတယ်ပြောလို့ ပိုင်ရှင်တွေမတားရဲကြဘူး” ဟုဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းသို့ သေနတ်ကိုင်အင်အားသုံးရန် အမိန့်ပေးသူ ဗိုလ်စိုင်းဆေစင်မှာ ပြည်သူ့စစ်တပ်မဟာ ၇၅၈ ၏ တပ်မဟာမှူး ဦးတောန (ခေါ်) ဦးအောင်ညွန့်၊ ဒေါ်နန်းရွှေနုတို့၏ သားဖြစ်ပြီး ပြည်သူအပေါ် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံနေသူတစ်ဦးဟု ဒေသခံများက ပြောသည်။
“သူတို့ဖျက်ဆီးလို့ ပျက်စီးသွားတဲ့ခြံက ခုနေပြန်ကာရင် သိန်း ၁၀၀ လောက်ရှိတယ်။ ရဲကိုတော့တိုင်ပြီး အမှုဖွင့်ထားတယ်။ မြေစာရင်းရော၊ တပ်နယ်ရော တိုင်ထားပေမယ့် အခုထိ ဘာမှမထူးခြားဘူး။ ပြည်သူကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတာကို ရှမ်းအစိုးရရော၊ နေပြည် တော်ရော သိစေချင်တယ်။ ဒီခြံမှ မဟုတ်ဘူး၊ အခြားနေရာတွေလည်း ခုလိုဖြစ်နေတာအများကြီးပဲ” ဟု ခြံပိုင်ရှင်နင့်နီးစပ်သူတစ်ဦးက မဲခေါင်သို့ပြောသည်။
ယင်းနေရာကို လွန်ခဲ့သည့် ၃နှစ်ခန့်ကလည်း ယခုလို သေနတ်များဖြင့် လာရောက်ခြိမ်းခြောက်ခဲ့ဘူးကြောင်း ဒေသခံများထံမှ သိရသည်။
ပြည်သူ့စစ်တပ်မဟာ ၇၅၈ သည် ယခင်က RCSS အဖွဲ့၏ လက်အောက်ခံ တပ်မဟာတစ်ခု ဖြစ်ခဲ့သော်လည်း ၂၀၀၆ ခုနှစ်၌ RCSS မှ ခွဲထွက်ကာ စစ်အစိုးရထံ လက်နက်ချခဲ့သည့် အဖွဲ့ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ ပေါ်ပေါက်လာသည့်နောက်ပိုင်း ပြည်သူ့စစ်အဖွဲ့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီးယင်း ပြည်သူ့စစ် တပ်မဟာ ၇၅၈ မှာ စစ်ကောင်စီ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေကြောင်း သိရသည်။
#MeKongNews
#လဲချား
#ပြည်သူ့စစ်
#စိုင်းဆေးစင်
#တိုင်းဧကရီ








