မဲခေါင်၊ အောက်တိုဘာ ၃၁
ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာအဝင်တွင်ရှိသည့် စစ်ဆေးရေးဂိတ်တွင် မရပ်ပေးသည့်ကားကို ပစ်ခတ်ရာအမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၂၈ရက် နံနက်၁၀နာရီခန့်က ရပ်စောက်မြို့နယ်၊ လှည်းတိုးရွာဖက်မှ ပင်းတယမြို့နယ်၊ မိုင်းအင်ရွာသို့လာသည့် အသက် ၂၃ နှစ်အရွယ် ကိုရဲဝင်းနိုင်ပါလာသည့် ကားကို စစ်ဆေးရေးဂိတ်မှ တားဆီးရာ ကားမရပ်သည့်အတွက် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောသည်။
“စံထွန်းပို့ပေမယ့် ဆုံးသွားပြီ။ ခုထိစစ်တပ်ရော၊ ရှမ်းတပ်ရော ဘာမှ လာမပြောသေးဘူး။ ရဲကလည်းအမှုမဖွင့်ဘူး။ သူက မလေးရှားမှာအလုပ်လုပ်နေတာ၊ မင်္ဂလာဆောင်ဖို့ပြန်လာတာ” ၎င်းက မဲခေါင်သို့ ပြောသည်။
စစ်ဆေးဂိတ်ကို မည်သည့်တပ်မှ ဦးဆောင်ကြောင်း ရှင်းလင်းစွာ မသိရသေးပေ။
ပစ်သတ်ခံရသူ၏ နာရေးကို လှည်းတိုးရွာတွင် အောက်တိုဘာ ၃၀ ပြုလုပ်နေကြောင်း သိရသည်။
ပစ်သတ်ခံရသည့် ရဲဝင်းနိုင်နေသည့် လှည်းတိုးရွာမှာ အင်းခေါင်း-ပင်းတယသွားလမ်း ရပ်စောက်မြို့၏ အနောက်တောင်ဘက်ထိစပ်နေသည့် ရွာဖြစ်ပြီး ရပ်စောက်မြို့၏ ပတ်ပတ်လည်တွင် RCSS ဂိတ်များ ၆ ခုခန့်ရှိကြောင်း ဒေသခံများက ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး RCSS တာဝန်ရှိသူများထံ မဲခေါင်သတင်းဌာနမှ ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။
#MeKongNews
#ပင်းတယ
#စစ်ဆေးရေးဂိတ်
#လှည်းတိုးရွာ
#ရှမ်းတောင်








