မဲခေါင်၊ အောက်တိုဘာ ၂၄
မိတ္ထိလာ- တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းပေါ်ရှိ မိုင်းပျဉ်းမြို့အဝင် လမ်းအသုံးပြုဂိတ်နှင့် တုံတာမြို့အဝင် လမ်းအသုံးပြုဂိတ်ကြေးများကို ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဥ်းမြို့မှ လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်သူဇာခိုင်က အကုန်မအပ်ဘဲ ကိုယ်ကျိုးသုံးစွဲနေကြောင်း ဒေသခံများက မဲခေါင်သတင်းဌာနသို့ ပြောသည်။
မိုင်းပျဥ်းမြို့ ၂၀၂၄-၂၀၂၅ ဘဏ္ဏာနှစ်အတွက် ငွေကြေးကောက်ခံရာတွင် လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ) က ကောက်ခံသည့် အချိန်နာရီအပိုင်းအခြားကို အမှန်အတိုင်း စာရင်းမဖော်ပြဘဲ ကောက်ခံရရှိသည့် ငွေများကို စာရင်းဖျောက် သုံးစွဲနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လမ်းဦးစီးအရာရှိမှာ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိသာ လမ်းကြေးကောက်ခံမှု စာရင်းပြပြီး ညနေ ၄ နာရီနောက်ပိုင်း ကောက်ခံရရှိသည့် လမ်းကြေးများကို စာရင်းဖျောက်ထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“နေ့စဉ် မနက် ၆ နာရီမှ ည ၁၀ နာရီအထိ ကောက်ခံပြီး သက်ဆိုင်ရာရုံးကို ပေးပို့ရပါတယ်။ ဒါကို သူက မနက်၆နာရီမှ ညနေ ၄ နာရီထိသာအကောက်ပြပြီး ညနေ ၄ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာတဲ့ကားခတွေကိုတော့ ကိုယ်ကျိုးအတွက် အသုံးပြုနေပါတယ်၊ ဂိတ်ဝန်ထမ်းတွေကိုယ်လည်း မနက် ၅ နာရီက စကောက်ခိုင်းတယ်။ တစ်နေ့ကို ယာဉ်အစီးရေ ၂၅၀ လာက်ဘဲ စာရင်းပြပီး ကျန်တဲ့ယာဉ်အစီးရေကောက်ခံတဲ့ငွေတွေ ကိုယ်ကျိုးအတွက် အသုံးပြုနေပါတယ်” ဟု ၎င်းကပြောသည်။
ယင်းမိတ္ထိလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းသည် ကုန်စည်စီးဆင်းမှု အဓိက ပြည်ထောင်စု လမ်းမကြီးဖြစ်သဖြင့် ကားအသွားအလာ များပြားပြီး တစ်ရက်လျင် ကားအစီးရေ ၆၀၀မှ ၇၀၀ အကြား ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းဂိတ်တွင် ကုန်တင်ယာဉ်များကို ယာဉ်အမျိုးအစားလိုက်ပြီး ကျပ် ၅၀၀ မှ ကျပ် ၃၀၀၀ အထိ ကောက်ခံကြောင်း စစ်ကောင်စီ လမ်းဦးစီးဌာနက သတ်မှတ်ထားသည်။
#MeKongNews
#မိုင်းပျဉ်း
#လမ်းဦးစီးဌာန
#လမ်းအသုံးပြုခ
#ကုန်တင်ယာဉ်








