မဲခေါင်၊ အောက်တိုဘာ ၂၀
စစ်ကောင်စီ စစ်ဦးစီးတက္ကသိုလ်တက်နေသူ အရာရှိတစ်ဦး၏ ရုံးအဖွဲ့ဝင်များ မောင်းနှင်လာသည့် အိမ်စီးကားမှ ကလောမြို့တွင် လမ်းဘေး ရပ်ထားသည့် ကုန်တင်ကားနောက်ပိုင်းကို တိုက်မိရာ ကားပေါ်ပါ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ပြင်းထန်စွာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၁၈ရက်၊ ည ၁၀ နာရီခန့်တွင် တောင်ကြီးမှ အောင်ပန်းဘက်အဝင် စစ်ကောင်စီပညာရေးတပ် အမှတ်၃ အနီး၌ လမ်းဘေးတွင် စက်ချို့ယွင်း၍ ရပ်ထားသည့်ကုန်ကား၏ အနောက်ကို အိမ်စီးကားမှ ဝင်ရောက်တိုက်မိခြင်းဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ရာအနီးသို့ ရဲနှင့် စစ်သားများ အများအပြားရောက်လာပြီး ဘေးမှ ဝိုင်းအုံကြည့်သူများကို မောင်းထုတ်ကြောင်း အခင်းဖြစ်ရပ်ကို မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
“မူးနေကြတယ် ပြောတယ်။ လမ်းဘေး အလွတ်ကြီးရပ်ထားတဲ့ ကားကိုဝင်ကျုံးတာ။ အနားကလူတွေအားလုံးမြင်တယ်။ ကလောက သင်တန်းတက် ဒုမှူးကြီးရဲ့တပည့်တပ်သားတွေလို့ပြောပေမယ့် ဆံပင်ကတော့ အရှည်တွေ။ အသက်တွေက ၂၀၊ ၂၅လောက်ပဲ။ ပထမအနီးကပ်ကြည့်လို့တယ်။ နောက်မောင်းထုတ်တယ်။ ရဲတွေ၊ စစ်တပ်တွေရှုပ်နေတာပဲ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
ဖြစ်ပွားစဥ်တွင် စခန်းရဲများ၊ စစ်သားများရောက်လာပြီး အခင်းဖြစ်နေရာအား ဖြတ်သန်းသွားသည့် ယာဥ်များအား မရပ်ခိုင်းဘဲ ဆက်သွားခိုင်းကြောင်း၊ နောက်တွင် အရာရှိများရောက်လာပြီးနောက် အလောင်းနှင့် ဒဏ်ရာရသူကို ခုတင် ၇၀ဝ စစ်ဆေးရုံသို့ သယ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“စစ်ဦးစီးတက္ကသိုလ် ဥစတ တက်ရင် ဒုမှူးကြီး (ဒုတိယဗိုလ်မှူးကြီး) တပ်ရင်းမှူး တစ်ယောက်ကို တကကစရ (တပ်ကြပ်ကြီးစာရေး)၊ ထလရ ရဲဘော်၊ အကူရဲဘော်၊ ယာဥ်မောင်းတွေ ရုံးအဖွဲ့အနေနဲ့ပါရတယ်။ ခုက ရင်းမှူးကိုယ်တိုင်ပါ၊ မပါတော့ မသိနိုင်ဘူး။ မိသားစုလည်း လိုက်နေတော့လေ။ တပ်ကဆိုရင်တော့ ရဲအရေးမပိုင်ဘူး၊ တပ်ကပဲ အရေးယူလိမ့်မယ်” ဟု တပ်ဖက်ဆိုင်ရာနားလည်သူ တစ်ဦးက မဲခေါင်သို့ ပြောသည်။
အောင်ပန်းမြို့အဝင်သည် လမ်းများ မကောင်းသဖြင့် မဆင်မခြင်မောင်းနှင်သည့် ယာဥ်များ မကြာခဏတိုက်မိခြင်း၊ တိမ်းမှောက်ခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
#MeKongNews
#ကလောမြို့
#ယာဉ်တိုက်မှု
#စစ်ဦးစီးအရာရှိတက္ကသိုလ်
#ကုန်တင်ကား








