မဲခေါင်၊ အောက်တိုဘာ ၁၈
တရုတ်ကျားဖြန့် ဦးရေ တစ်ထောင်ခန့်သည် ဟိုပုံးမြို့နယ်၊ မိုင်းပျဥ်းတွင်သာမက ရပ်စောက်မြို့နယ်အတွင်း ရောက်ရှိလာနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးများက မဲခေါင်သို့ သတင်းပေးပို့လာသည်။
ယင်းကျားဖြန့် အဖွဲ့သည် ရပ်စောက်မြို့နယ် နောင်လုံတိုက်နယ်၊ ပန်ဟိုင်းမွေတော်၌ ရွာသစ် တည်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“သူတို့နေဖို့ တဲဆောက်တာတောင် သစ်တန် ၂၀၀လောက်ကုန်ကြတယ်လို့သိရတယ်”ဟု ၎င်းကပြောသည်။
ယင်းကျားဖြန့် များ၏ အနီးကပ်လုံခြုံရေးတာဝန်ခံမှာ အိုက်ဆာလူ ဆိုသူဖြစ်ပြီး ကျားဖြန့်ရွာသစ်တည်မည့် နယ်မြေဒေသ၏ တာဝန်ခံ ၂ဖွဲ့ တွင် တစ်ဖွဲ့မှာ SSPP တပ်မဟာအမှတ် ၇၉၈ တပ်မဟာမှူးဆိုင်ဝ ဖြစ်ပြီး အခြားတစ်ဖွဲ့မှာ ရပခလက်အောက်ခံ ခလရ၂၄၉၊ ခလရ ၂၉၂ နောင်ဝိုးတပ်နှင့် ခလရ ၃၄၉ ကျောက်ဂူတပ်ဖြစ်တို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် SSPP ၇၉၈ တပ်သည် မိုင်းပျဥ်းဒေသ၌ ကျားဖြန့်လုံခြုံရေးပေးသည်သာမက ကျားဖြန့်လုပ်ငန်းများကို ဒေသခံများ မပြောရဲစေရန် လူသစ်စုဆောင်းမှုလည်း ပြုလုပ်နေကြောင်း၊ မိုင်းပျဉ်းဒေသ နောင်မွန်းရွာ၊ ဟဲ့ခဲရွာ၊ ရွာသစ်ရွာ၊ နားလုံရွာ၊ မိုင်းပျဉ်းရွာမ၊ ဖါလဲရွာ၊ နောင်ယဆဲရွာ၊ ဝမ့်အော့ရွာ၊ ကျီတော်ရွာ၊ နမ့်ခုတ့်ရွာ၊ နားပုံရွာ၊ ကျောက်ငှတ်ရွာ၊ ဆော်တောရွာ၊ ကွန်ကုံးရွာ၊ နမ့်ခါလဝ်းရွာ၊လွယ်ခေါ် ရွာ၊ နမ့်မော်လုံရွာ၊ နမ့်ဆင်ရွာ၊ လုံဝိုတ်ရွာ၊ ဆပ်ပုံရွာ၊ ခုတ့်လောဝ်းရွာ၊ ခိုတောင်းရွာ၊ ဖါလဲဈေးကုန်းရွာ စုစုပေါင်း၂၃ရွာတွင် လူသစ်စုဆောင်းခံရကြောင်း ဒေသခံများက စာရင်းပေးပို့လာသည်။
ယင်းကျားဖြန့်များသည် ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံဘက်မှတဆင့် ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။
#MeKongNews
#ကျားဖြန့်
#ဟိုပုံးမြို့
#ရပ်စောက်
#SSPP
#ကျောက်ဂူ








