မဲခေါင်၊ အောက်တိုဘာ ၁၇
ပင်စင်သွားတော့မည့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ကလောမီးရှူးတိုင်ပွဲ ကျင်းပရန် အကြောင်းပြချက်ဖြင့် အလှူငွေဟုဆိုကာ ကလောခရိုင်အတွင်းရှိ စျေးဆိုင်များထံမှ ကျပ်သိန်းဆယ်ချီ အဓမ္မကောက်ခံနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
ခရိုင်အုပ်ချုပ်ရေးမှူး မီးရှူးတိုင်ပွဲအတွက်ဟုဆိုကာ ဈေးဆိုင်ကြီးတစ်ဆိုင်လျင် ကျပ် ၁၀ သိန်း၊ ဈေးဆိုင်သေးတစ်ဆိုင်လျင် ကျပ် ၇ သိန်းနှုန်းဖြင့် ကောက်ခံနေပြီး လမ်းဘေးကွမ်းယာဆိုင်ပါမကျန် ကျပ်တစ်သိန်းကောက်ခံကြောင်း ဈေးဆိုင်ပိုင်ရှင်တစ်ဦးက မဲခေါင်သို့ပြောသည်။
“မကြာခင် ပင်စင်သွားမှာမို့ မသွားခင် အိတ်ဖောင်းအောင်လုပ်နေတာပါ။ ကလောခရိုင်တွင်းမှာ လုပ်ငန်းပေါင်းအများကြီးရှိပါတယ်။ ပွဲအတွက်ကုန်မဲ့ငွေက ခုကောက်တဲ့ငွေရဲ့ ၁၀ ပုံ ၁ ပုံ မရှိပါဘူး။ အခုက အကုန်ကြပ်တည်းနေတာဆိုတော့ တောင်းပန်တာတောင်မရဘူး” ဟု ၎င်းက ပြောသည်။
ယင်းသို့ မီးရှူးတိုင်ပွဲ အကြောင်းပြကောက်ခံရာတွင် ယစ်မျိုးလိုင်စင်ဖြင့် ရောင်းချနေရသည့် ဆိုင်ငယ်များမှာ အလှူငွေမထည့်ပါက လိုင်စင်ထပ်မထုတ်ပေးမည်ကို စိုးသည့်အတွက် မရှိသည့်ကြားမှ ထည့်ရကြောင်း ဆိုင်ရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ထို့အပြင် ကလောမြို့နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌမှ တဆင့်လည်း ဟိုတယ်၊ မိုတယ်၊ Inn နှင့် Homestay လုပ်ငန်းရှင်များထံ ဖိအားပေးကောက်ခံလျက်ရှိပြီး အလှူငွေမထည့်ပါက တနည်းနည်းဖြင့် အရေးယူခံရနိုင်သည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
“ဒီလူ (ကလောခရိုင်အုပ်ချုပ်ရေးမှူး) က အခြားအဆင့် OTS ၈၅ ဆင်း၊ ခုလည်း မိုးကျရွှေကိုယ် နှစ်သီးစား၊ အပေါ်ဖား အောက်ဖိ အင်မတန် မောက်မာတယ်လို့ လက်အောက်က ပြောကြတယ်။ မော်လမြိုင်ဘက်က ပြောင်းလာတာ၊ ခုကသေခါနီး စားတော်ခေါ်တဲ့ပုံစံလုပ်တာ။ ဟိုတလောကပဲ အများပြည်သူသွားလမ်းကို ခြံခတ်ပြီး သူ့အထက်လူကြီးကိုပေးပြီး ဖားထားသေးတာ” ဟု ၎င်းအကြောင်း သိသူတစ်ဦးက မဲခေါင်သို့ပြောသည်။
လက်ရှိ အခြေအနေတွင် ကုန်စျေးနှုန်းများ အဆမတန်ကြီးမြင့်နေပြီး အခွန်အခကအစ များပြားနေချိန်တွင် စီးပွားရေးကြပ်တည်းနေသည့် ပြည်သူများအပေါ် ယခုလို အတင်းအဓမ္မငွေကြေးကောက်ခံနေသည့်အစား စေတနာ၊ သဒ္ဓါတရားအရသာအလှူငွေ ကောက်ခံသင့်ကြောင်း ဒေသခံများက ဝေဖန်လျက်ရှိသည်။
#MeKongNews
#ကလောခရိုင်
#မီးရှူးတိုင်ပွဲ
#တန်ဆောင်တိုင်
#ဦးစိုးမြင့်








