မဲခေါင်၊ အောက်တိုဘာ ၁၆
တာချီလိတ်မြို့တွင် ညလုံးပေါက် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ယနေ့ အောက်တိုဘာလ ၁၆ရက်နေ့၊ နံနက် ၁၁နာရီခန့်တွင် ရပ်ကွက်အချို့ ရေတက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၅ရက်ည တစ်ညလုံး သည်းထန်စွာ ရွာသွန်းသောမိုးနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက်များတွင် ရေစတင်ဝင်လာခြင်းဖြစ်သည်။
မယ်ဆိုင်ချောင်းရေမှာ ၎င်း၏ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး ယနေ့နနံက် ၇နာရီတိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက် ၁၀ စင်တီမီတာ ကျော်လွန်နေကြောင်း သိရသည်။
မယ်ဆိုင်ချောင်းနှင့် နီးသည့် နေအိမ်များအား ရေလွတ်ရာသို့ ပြောင်းရွှေ့ရန် ဆော်ဩ ထားရှိထားပြီး အကူအညီများလိုအပ်ပါက လူမှုကူညီရေးအသင်းများအား ဆက်သွယ်နိုင်ပါကြောင်း နှိုးဆော်ထားသည်။
တာချီလိတ်တွင် ယခုနှစ် မိုးရာသီအတွင်း ရေကြီးရေလျှံမှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာ ယခုအကြိမ်မှာ မဲခေါင်မှ မှတ်သားမိသမျှ ၁၈ ကြိမ်မြောက်ဖြစ်ပြီး ယင်းရေကြီးရေလျှံမှုများအတွင်း စက်တင်ဘာ၂၈ ရက် ၁၆ကြိမ်မြောက်နှင့် သြဂုတ်လ၂၃ရက် ၁၃ ကြိမ်မြောက်ရေကြီးမှုများအတွင်း လူ၂ဦးသေဆုံးခဲ့ရပြီးဖြစ်သည်။
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်ချောင်း
#စိုးရိမ်ရေမှတ်
#ရေကြီးရေလျှံ








