မဲခေါင်၊ အောက်တိုဘာ ၁၅
ရက်ပိုင်းအတွင်း တိုက်ပွဲပြန်လည်ပြင်းထန်လာသည့် ရှမ်းတောင်နှင့် ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များတွင် အရေပြားရောဂါနှင့် ချောင်းဆိုးရင်ကြပ်ရောဂါများ များပြားစွာ ဖြစ်ပွားနေကြောင်း ကူညီကယ််ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ပင်လောင်းနှင့် ဖယ်ခုံအနောက်ခြမ်းမှ စစ်တပ်နှင့် PNO တို့ ရွာများကို မီးရှို့သဖြင့်ထွက်ပြေးလာကြသည့် စစ်ဘေးရှောင် လူဦးရေ ၄၀၀၀ ခန့်တွင် အများ အပြားဖြစ်ပွားနေသည်ဟု စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စုပြုံပြီး ဖြစ်သလို နေထိုင်ရတာကြောင့် ရောဂါကူးစက်မှု ပိုမြန်ဆန်မြင့်မားလာနိုင်လို့ ကျန်းမာရေးအတွက်လည်း ရတက်မအေးစရာပဲ” ဟု ၎င်းကဆိုသည်။
ဖြစ်ပွားနေသည့် ကူးစက်နေမှုအခြေအနေကို ထိန်းချုပ်နိုင်ရန် ဆေးဝါးနှင့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း လိုအပ်ချက်များ မြင့်မားနေကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက်က ပြန်လည်ဖြစ်ပွားလာသည့် တော်လှန်ရေးအင်အားစုများနှင့် စစ်တပ်နှင့် PNO ပြည်သူ့စစ်များအကြား တိုက်ပွဲများကြောင့် တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ ဘောရန်အပေါ်ရွာ၊ အောက်ရွာ၊ ပင်ပွံ၊ နမ်းနိန်း၊ လုံးပျဉ်ရွာ ၈ရွာမှ ဒေသခံ ၄၀၀၀ ခန့် ကရင်နီနယ်စပ် စစ်ရှောင်စခန်းများသို့ ထွက်ပြေးခိုလှုံ နေကြရခြင်းဖြစ်သည်။
ယင်းကျေးရွာများအနက် အိမ်ခြေ ၃၀၀ ကျော်ရှိသည့်ဘောရန် ၂ ရွာမှ အိမ်ခြေတစ်ဝက်ခန့်မှာ မီးရှို့ခံထားရပြီး မီးငြိမ်းရဲသူမရှိသဖြင့် မီးကျွင်းမီးကျန်များက လောင်ကျွမ်းနေဆဲ ရှိနေသေးကြောင်း သိရသည်။
“ဘောရန်အပေါ်ရွာက အိမ်ခြေ ၈၀၊ အောက်ရွာက ၂၀၀ ကျော်။ တစ်ဝက်ကျော်ပျက်စီးသွားပြီ။ စစ်ကောင်စီတပ်နဲ့ PNO စစ်တပ်လည်း ဆေးစွဲလောက်ပြီ။ မအလ က ဆေးနဲ့ တိုက်နေတယ်လို့ပဲ ပြောရတော့မယ်” ဟု စစ်တပ်နှင့် PNO ပြည်သူ့စစ်များ မူးယစ်ဆေးဝါးသုံးပြီး ရွာများကို ရမ်းကားမီးရှို့ ပစ္စည်းများလုယက်နေမှုအပေါ် PNDF-KK ပြန်ကြားရေးတာဝန်ခံက မဲခေါင်သို့ ပြောသည်။
အခြားရွာများသို့လည်း စစ်တပ်နှင့် PNO စစ်ကြောင်းထိုးပြီး မီးရှို့နိုင်သဖြင့် စစ်ရှောင်ဦး ယခုထက်ပိုမိုလာနိုင်ကြောင်းလည်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ခန့်မှန်းသည်။
#MeKongNews
#ရှမ်းတောင်
#ကရင်နီ
#စစ်ဘေးရှောင်
#ပင်လောင်း
#ဖယ်ခုံမြို့နယ်
#အရေပြားရောဂါ








