မဲခေါင်၊ အောက်တိုဘာ ၁၁
စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PNO ပြည်သူ့စစ်က ပအိုဝ်းဒေသ၊ ပင်လောင်းမြို့နယ်မှ မြောက်စလုံးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ရှေ့တန်းစစ်သတင်းအရင်းအမြစ်များထံမှ သိရသည်။
အောက်တိုဘာ ၇ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် တောင်မဲသင်းရွာတိုက်ပွဲနှင့် တဆက်တည်း စစ်တပ်နှင့် PNO စစ်ကြောင်းက မြောက်စလုံးရွာကို ယမန်နေ့ အောက်တိုဘာ ၁၀ ရက် နံနက် ၆ နာရီခန့်ကတည်းက စစ်ကြောင်းထိုးဝင်ရောက် မီးရှို့နေခြင်းဖြစ်သည်ဟု PNDF-KK ပြန်ကြားရေးက မဲခေါင်သို့ ပြောသည်။
“တောင်မဲသင်းက အိမ်ခြေ ၁၀၀ လောက်ရှိတာ၊ အိမ်ခြေ ၂၀ လောက်တော့ သူတို့ရှို့ပြီးပြီ။ ဒါသူတို့အကျင့်ပဲလေ။ ရွာဝင်ရင်မီးရှို့တာ၊ ပြီးရင် အိမ်တွေထဲက ရသမျှ လုယူကြဦးမယ်။ လူတွေကတော့ ရှောင်ကုန်ကြလို့ မရှိကြပါဘူး” ဟု ၎င်းကပြောသည်။
စစ်တပ်နှင့် PNO များသည် တောင်မဲသင်းရွာတိုက်ပွဲ၌ အသေများခဲ့ရာ သေဆုံးသူများအထဲတွင်ပင်လောင်းမြို့နယ်တောင်ပိုင်း၊ လဲလျောင်းရွာမှ စိုက်ပျိုးရေးသိပ္ပံကျောင်းသား PNO တစ်ဦးနှင့် ပင်လောင်းတောင်ဖက် လွင်ရွာမှ PNO ၃ ဦး သေဆုံးခဲ့သည်ဟု ရှေ့တန်းအရင်းအမြစ်ထံမှ သိရသည်။
တောင်မဲသင်းရွာတိုက်ပွဲ၏ ရှေ့တိုက်ပွဲများတွင်လည်း သုံ့ပန်းဖမ်းမိသည်များရှိခဲ့သည်ဟု PNDF- KK က ပြောသည်။
“စခ သုံပန်းကို စစ်သုံ့ပန်း ဥပဒေအရ အရေးယူထိန်းသိမ်းထားပါတယ်။ အဓိက လိုအပ်လာတာကခဲယမ်းပဲ၊ တိုက်ပွဲမှာ ခဲယမ်းကျည်ဆံသုံးနိုင်မှ အောင်ပွဲပိုရတာဖြစ်လို့ တော်လှန်ပြည်သူတွေအနေနဲ့ ထောက်ကူပေးပို့ မေတ္တာရပ်ခံပါတယ်။ ခဲယမ်းပြည့်စုံရင် ခုထက် အောင်ပွဲတွေပိုရပြီး တော်လှန်ရေးမြန်မြန်ပြီးမှာပါ” ဟု PNDF-KK တာဝန်ရှိသူက မဲခေါင်သို့ ပြောသည်။
စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးလာသဖြင့် ရှမ်းတောင်နှင့်ကရင်နီနယ်စပ်ဘက်မှ ယာယီဆုတ်ခွာပေးလိုက်ရသော်လည်း ယခုအခါတော်လှန်ရေးတပ်များဖက်မှ ပြန်လည်စုဖွဲ့ကာ တိုက်စစ်ဖော်ဆောင်လာနေသည်တွင် စစ်တပ်က ရွာများကို မီးရှို့ လာနေခြင်းဖြစ်သည်။
#MeKongNews
#ပင်လောင်းတိုက်ပွဲ
#မြောက်စလုံးရွာ
#တောင်မဲသင်းရွာ
#မီးရှို့
#စစ်ကောင်စီ
#PNO








