မဲခေါင်၊ အောက်တိုဘာ ၈
ရှမ်းပြည်မြောက်ပိုင်းမှ TNLA ထိန်းချုပ်ထားသည့် မိုင်းလုံမြို့၊ မန်ဟုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး အပါအ၀င် ပြည်သူ ၁၀ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ကြောင်း TNLA ပြန်ကြားရေးက အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည်။
ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မန်ဟုန်ကျေးရွာကို စစ်ကောင်စီတပ်မှ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာမှ ဦးအိုက်ဆန်ကြာ ၃၇ နှစ်၊ ဦးစံပွင့် ၃၅ နှစ်၊ ဦးစိုင်းအောင်ဆာ ၂၉ နှစ်၊ ဦးအိုက်ထက် ၂၇ နှစ်၊ ဒေါ်အုန်းခင် ၄၅ နှစ်၊ ဒေါ်လှစိန် ၂၅ နှစ်၊ ဒေါ်အေးမေ ၃၉ နှစ်၊ ဒေါ်ခင်ပ ၂၉ နှစ်၊ ဒေါ်အေးတိတ် ၂၂ နှစ်နှင့် အသက် ၂ နှစ်အရွယ် မောင်အိုက်ဦးတို့ ထိမှန်သေဆုံးခဲ့ပြီး ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအပြင် ပြည်သူလူထုနေအိမ် ၆ အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်တပ်က သီပေါကို မြေပြင်ကရော ဝေဟင်ကရော တိုက်နေတဲ့အပြင် TNLA ထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးကို Air Strike လေကြောင်းတိုက်ခိုက်ပြီး ကွက်ပြည့် စစ်အရှိန်တိုးချဲ့နေတာဖြစ်လို့ ဒေသခံတွေ အချိန်မရွေး သတိထားနေဖို့၊ လူစုလူဝေးမလုပ်ဖို့၊ ဗုံးခိုကျင်းတွေလုပ်ထားတာ၊ ဘေးလွတ်ရာရှောင်တာတွေ လုပ်ဖို့ အကြံပြုချင်တယ်” ဟု စစ်ရေးအကဲခတ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ယမန်နေ့ တစ်ရက်တည်းတွင်ပင် နံနက်ပိုင်း၌ နမ္မတူမြို့နယ် ရက်ကွက်(၈) ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ပေါင် ၅၀၀ ဗုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့သဖြင့် ကျောင်းဆောင်များ ပျက်စီးသွားခဲ့ရသည်။
စစ်တပ်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မြေပြင်စစ်ကြောင်းထိုးမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန် ဆုံးဖြတ်ချက်ချထားကြောင်း စစ်ရေးအကဲခတ်များထံမှ သိရသည်။
#MeKongNews
#မိုင်းလုံမြို့
#TNLA
#စစ်ကောင်စီ
#လေကြောင်းဗုံးကြဲ








