မဲခေါင်၊ စက်တင်ဘာ ၅
လက်မှတ်ဈေးနှုန်း ကျပ် ၅ သောင်းမှ VVIP တစ်ဝိုင်းလျင် ကျပ် သိန်း ၃၀ အထိ ပေးရသည့် တောင်ကြီးသီတင်းကျွတ်ဂီတပွဲ သွားရောက်ကြည့်ရှု့သူများမှာ ၂ ရက်ဆက်တိုက် မိုးရေနှင့် ရွှံ့ ဗွက်များကြားမှ ကြည့်ရှု့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ကြီးမြို့၊ အဝေရာမီးပုံပျံကွင်းတွင် အောက်တိုဘာ ၄ ရက်မှစတင် ပြုလုပ်လျက်ရှိသည့် သီတင်းကျွတ်ဂီတပွဲတော်အား တောင်ကြီးတွင် ယခင်က ပြုလုပ်နေကျ ရှိုးပွဲများထက် လက်မှတ်ဈေးအဆမတန်ပေးရသော်လည်း စီစဉ်မှုအားနည်းခြင်း၊ မိုးဆက်တိုက်ရွာခြင်းတို့ကြောင့် မိုးရေနှင့် ရွှံ့ဗွက်များကြား ကြည့်ရှု့ခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“လက်မှတ်ခက ဈေးကြီးတယ်။ ပထမညတုန်းက VVIP ဝိုင်းတွေကို အနောက်ဘက်ထားတော့ ပြောခံရသေးတယ်။ မိုးရွာထဲ ရှေ့ကလူတွေက ထီးဆောင်းကြည့်တော့ နောက်ကလူက မမြင်ရနဲ့။ ဒုတိယနေ့တော့ VVIP ဝိုင်းတွေကို ရှေ့ကို ရွှေ့ပေးလိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် ကားပါကင်နေရာမှာ ကွင်းနှင့်အလွန်ဝေးခြင်း၊ ပါကင်ခသတ်မှတ်ထားခြင်းမရှိဘဲ လမ်းဘေးတွင်ရပ်လျင်လည်း ၂ သောင်း၊ ၃ သောင်း ကြုံသလို ကောက်ခံခြင်းများကြောင့် ဝေဖန်မှုများ ရှိနေသည်။
မူလက ယင်းသီတင်းကျွတ်ဂီတပွဲတော်အား ကလောမြို့တွင် ကျင်းပရန် Altitude Entertainment Group က စီစဥ်ထားခဲ့ခြင်းဖြစ်ပြီး ပွဲစီစဥ်သူ ပိုင်ရှင် ကိုကောင်းထွဋ်ကို နှင့် စစ်ကောင်စီခန့် ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်တို့ တွေ့ဆုံစဥ် ဦးအောင်အောင်က တောင်ကြီးမြို့သို့ ပြောင်းရန် အကြံပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောပြသည်။
“အဲ့ဒီရှိုးပွဲလုပ်တဲ့ Organizer (ပွဲစီစဥ်သူ)က ကလောမှာလုပ်မယ့်ဟာ အဲ့တာကိုသူက ကလောမှာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နဲ့ တွေ့တော့ အောင်အောင်က ဘာလို့ ကလောမှာလုပ်မှာလဲ တောင်ကြီးမှာပြောင်းလုပ်ဆိုပြီး ပြောင်းလုပ်ခိုင်းတာတဲ့” ဟု ၎င်းကပြောသည်။
တောင်ကြီးသို့ ပြောင်းရွှေ့လျင် ပွဲပိုစည်ကားနိုင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်အတွက်လည်း ဂါရဝကြေး ပိုရနိုင်သဖြင့် တောင်ကြီးသို့ ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်ကြောင်း၊ ပွဲစည်ကားစေရန် မြို့နယ်စည်ပင်က တောင်ကြီးမြို့ Night 38 ညဈေး နှင့် ကမ္ဘောဇလမ်းညဈေးမှ ဈေးသည်များကိုပါ ဂီတပွဲတော်နေရာသို့ ပြောင်းရွှေ့ရောင်းချရန် ဝန်ကြီးချုပ်၏ နှုတ်မိန့်ဖြင့် စေခိုင်းခဲ့ကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။
သို့သော် ဈေးသည်များက ဆိုင်ခန်းတနေရာစာလျှင် ကျပ် ၅ သောင်းဖြင့် ပြန်ဝယ်ရမည့်အပြင် မူလရောင်းချနေသည့် နေရာမှပြောင်းရွှေ့ရောင်းလျှင် အပြောင်းအရွှေ့အခက်အခဲရှိကာ အရောင်းပါးနိုင်သည့်အတွက် မရောင်းချလိုသဖြင့် ကန့်ကွက်ခဲ့ကြရာ Night 38 ညဈေးမှာ ပြောင်းရွှေ့စရာမလိုခဲ့ဘဲ ကမ္ဘောဇညဈေးသာ ဂီတပွဲပြုလုပ်ရာ အဝေရာကွင်းအတွင်း သွားရောက် ရောင်းချနေရသည်။
“ဝင်ပေါက် မျက်နှာစာမှာ ၅ သိန်းတန်နဲ့ ၁၀ သိန်းတန် ဆိုင်ခန်းကိုပဲ ဦးစားပေးပြီး ဈေးသည်တွေကိုတော့ စတိတ်စင်ရဲ့ အနောက်ပေါက် ၅ ပေ၊ ၆ ပေကျယ်တဲ့ ရေမြောင်းကြီးပေါ်မှာ ကိုယ့်စားရိတ်နဲ့ကိုယ် ရေမြောင်းပေါ် ခင်းပြီးဖွင့်ရတာတဲ့။ အဝေရာကွင်းဘက်က ရောင်းနေကျဈေးသည်တွေလည်း ရေမြောင်းပေါ်က နေရာတွေမှာပဲ ငှားဖွင့်ရတယ်လို့ သိရတယ်ဗျ။ မိုးကအဆက်မပြတ်ရွာနေတော့ ဈေးသည်တွေအတွက်တော့ စိတ်မကောင်းဘူး” ဟု ညဈေးရောင်းချသူတစ်ဦးက ဆိုသည်။
တောင်ကြီးတွင် ပွဲဖြစ်မြောက်ရေးအတွက် စစ်ကောင်စီ ရှမ်းဝန်ကြီးချုပ် ဦးအောင်အောင်က KBZ လုပ်ငန်းစု ပိုင်ရှင် ဦးအောင်ကိုဝင်း၏ လူယုံတစ်ဦးဖြစ်သူ ယခင်ရဲမှူးဟောင်းအား ကူညီခိုင်းခဲ့သဖြင့် အကူညီပေးခဲ့ရကြောင်း သိရသည်။
ထို့နောက် ပွဲစီစဥ်သည့် Altitude Entertainment Group က လက်မှတ်ကို Kpay App မှတဆင့် ရောင်းချခဲ့ပြီး တောင်ကြီးတွင် ပွဲဖြစ်မြောက်ရေးအတွက် KBZ မှ စပွန်ဆာပေးသကဲ့သို့ KBZ ၏ အမှတ်တံဆိပ်များအား ဗီနိုင်းနှင့်ကြော်ငြာတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသီတင်းကျွတ်ဂီတပွဲအား သွားရောက်သူများရှိသော်လည်း လက်မှတ်ဈေးကြောင့် လက်မှတ်အားလုံး ရောင်းထွက်ခြင်းမရှိကြောင်း သိရသည်။
ပါဝင်သည့်အဆိုတော်များ၏ နိုင်ငံရေးခံယူချက်ကြောင့်လည်းကောင်း၊ နိုင်ငံရေးမတည်ငြိမ်ချိန်တွင် အပျော်အပါးပြုလုပ်သည်ကို မကြိုက်မနှစ်သက်သည်ကတစ်ကြောင်း မကြိုက်သူများလည်း ရှိကြသည်။
နန်းမွန်း
#MeKongNews
#တောင်ကြီး
#ဝန်ကြီးချုပ်
#ရှမ်းပြည်နယ်ဝန်ကြီးချုပ်
#KBZ
#သီတင်းကျွတ်
#စတိတ်ရှိုး
#ညဈေး








