မဲခေါင်၊ စက်တင်ဘာ၂၆
တောင်ကြီးမြို့တွင် ပြည်သူများထံမှ ဆိုင်ကယ်များ ခိုးယူနေသူတစ်ဦးကို ခိုးရာပါဆိုင်ကယ်နှင့်အတူ လက်ပူးလက်ကြပ်မိရာမှ ၎င်းခိုးယူရောင်းချထားသည့် ဆိုင်ကယ်များကိုပါ ဖော်ထုတ်ဖမ်းဆီးရမိသည်ဟု တောင်ကြီးမြို့မရဲစခန်းမှ ယမန်နေ့ စက်တင်ဘာ ၂၅ ရက်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့၊ နံနက် ၄ နာရီခန့်တွင် ရဲလှည့်ကင်းသည် သစ်တောရပ်ကွက်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးဝင်းအတွင်း၌ မသင်္ကာဖွယ် အမျိုးသားတစ်ဦးက Loguar 125 (အနက်ရောင်) ဆိုင်ကယ်တစ်စီးအား သော့ဖျက် ခိုးယူပြီး တွန်းထုတ်လာစဥ် စစ်ဆေးဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
စစ်ဆေးချက်အရ ခိုးယူသူမှာ အေးသာယာမြို့၊ မြို့ဦးရပ်နေ ညီညီထွန်း ၅၃ နှစ် ဖြစ်ကြောင်း သိရှိရပြီး ခိုးယူရာတွင် အသုံးပြုသည့် သော့တုများ၊ ဝက်အူလှည့်များနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းအား ကွင်းဆက် စစ်ဆေးဖေါ်ထုတ်ချက်အရ မြို့တွင်း၌ လှည့်လည်ခိုးယူပြီး ရောင်းချထားသော ဆိုင်ကယ်မျိုးစုံ ၇ စီးအား သက်သေများနှင့်အတူ သွားရောက်သိမ်းဆည်းပြီး ဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းနှင့် ဆိုင်ကယ်ပျောက်ဆုံးထားသူများအနေဖြင့် မြို့မရဲစခန်းတွင် စုံစမ်းနိုင်ကြောင်း သိရသည်။
“မိဦးမှပဲ ဒါက ဆိုင်ကယ်သူခိုးပဲ မိသေးတာ၊ အဝေးသင်ကျောင်းသူတွေဆို လုခံရမှာစိုးလို့ ကြောက်နေကြရတာ။ သူခိုးလက်ခံတွေနဲ့ နောက်ထပ် သူခိုးအများအပြားကိုလည်း ဆက်တိုက်ဖမ်းနိုင်ဖို့ တောင်းဆိုပါတယ်။ ပွဲတော်တွေလည်း နီးပြီ။ လူထုလည်း အထိတ်ထိတ်အလန့်လန့် သွားလာနေရတာ၊ ထိထိရောက်ရောက် နှိမ်နင်းပေးကြပါ” ဟု တောင်ကြီး ကံကြီးစုရပ်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့ကလည်း အေးသာယာတွင် ဆိုင်ကယ်သူခိုး ၃ ဦးနှင့် ဆိုင်ကယ် ၈ စီး ဖမ်းဆီးရမိခဲ့သေးသည်။
#MeKongNews
#တောင်ကြီး
#ဆိုင်ကယ်သူခိုး
#ရှမ်းပြည်
#သူခိုးလက်ခံ








