မဲခေါင်၊ စက်တင်ဘာ ၂၂
စစ်ကောင်စီတပ်၏ စစ်မှုထမ်း တပ်သားသစ်စုဆောင်းရာတွင် အသုံးပြုသည့် ပုံစံတစ်မျိုးဖြစ်သည့် ဒေသစစ်မှုထမ်းပုံစံမျိုး စစ်အခြေခံသင်တန်းများ ရှမ်း-ကရင်နီ နယ်စပ်တွင် စစ်ကောင်စီက ပြုလုပ်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။
ရှမ်း – ကရင်နီ နယ်စပ် အခြေပြုထားသည့် စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများက နေရပ်သို့ ပြန်လည် စစ်ဘေးရှောင်ရာမှ နေရပ်ပြန်ကြသည့် လူငယ်၊ လူရွယ်များကို ထိုသို့စစ်အခြေခံသင်တန်းများ ပေးကာ စစ်တပ်သုံးအထမ်းသမား (ပေါ်တာ) အခကြေးငွေပေးပြီး စစ်စည်းရုံးခြင်း ပြုလုပ်လာနေကြောင်း ရှေ့တန်း သတင်းရင်းမြစ်များထံက သိရသည်။
စစ်ရှောင်နေရပ်ပြန် လူငယ်၊ လူရွယ်များကို လွိုင်ကော် ခလရ ၅၄၊ မိုးဗြဲနှင့် ဖယ်ခုံတို့ရှိ တပ်ရင်းစစ်ကြောင်းများက မက်လုံးပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဓမ္မဖမ်းဆီးခြင်းတို့ဖြင့် ခေါ်ယူကာ ယင်းသို့စစ်အခြေခံသင်တန်းများ ပေးနေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းလူသစ်များကို စစ်တပ်တွင် အထမ်းသမား သတ်မှတ်ချက် တစ်ရက်ရငွေ နှင့် ရိက္ခာစို၊ ရိက္ခာခြောက် ထုတ်ပေးမှုများ ထောက်ပံ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က မဲခေါင်သို့ ပြောသည်။
“စစ်မှုထမ်းအကြိုစုထားပြီး နေ့စားလရှင်းသဘောမျိုး၊ ပျူသဘောမျိုးပဲ။ စစ်သင်တန်းကျောင်းတွေသာမက ခုလို တပ်ရင်းတပ်ဖွဲ့က သူတို လိုတဲ့အင်အားကို ဖြည့်တာပဲ။ ပစ လည်းမဟုတ်ဘူး၊ နောက်ပိုင်းတော့ ကိုယ်ပိုင် အမှတ် ပေးနိုင်တယ်။ တပ်ရင်းကျောင်းဆင်း သဘောမျိုး” ဟု ၎င်းက ပြောသည်။
၎င်းတို့ကို အခြေခံစစ်ပညာ စစ်ရေးပြနှင့် လက်နက်ငယ်၊ ကိုယ်စီတိုက်ပွဲ လေ့ကျင့်ခန်း ၁၈ ပုဒ်မျှသာ သင်ကြားနိုင်ပြီး အခြေခံတပ်စိတ်၊ တပ်စု စစ်နည်း ဗျူဟာများ လေ့ကျင့်ပေးနိုင်ခြင်း မရှိသည့်အတွက် စစ်ရေး ကျွမ်းကျင်မှုထက် လူသားဒိုင်းလို အသုံးချနိုင်သည့်အဆင့်သာ ရှိနေသည် ဟု ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီတပ်တွင် ရှေ့တန်း အလုပ်သမား ခေါ် အထမ်းသမား(ပေါ်တာ)တစ်ဦးလျှင် တစ်ရက် ကျပ် ၁၁၀၀ သတ်မှတ်ထားပြီး တာဝန်ချိန်သေဆုံးလျှင် လျော်ကြေး ပေးငွေသည် ကျပ် ၄၅၀၀၀၀ ထက် မပိုရဟု စစ်တပ်၏ ကကန ကောင်စီ အထူးအမိန့်အမှတ် ၂/အထူး/၂၀၁၂ အရ ကန့်သတ်ထားကြောင်း သိရသည်။
ယင်းအမိန့်တွင် ယာလက်မောင်း တံတောင်အထက် ပြတ်ပါက ကျပ် ၄၂၀၀၀၀၊ ဝဲလက်မောင်း တံတောင်အထက်ပြတ်ပါက ကျပ် ၃၆၀၀၀၀၊ ယာလက်မောင်း တံတောင်ဆစ်အောက်ပြတ်ပါက ကျပ်၃၆၀၀၀၀ စသည် ဖြင့် ဖော်ပြထားကြောင်း သိရသည်။
“လက်ရှိမှာ (တ) အမြဲတမ်း ၁ယောက်ကို (ပစ) ၄ယောက်နှုန်း ထိန်းတွဲထားတယ်။ လူသစ် ပစ ၁၂၀ ဆို လူဟောင်း တ က ၃၀ လောက်ပေါ့။ ရှိချင်မှလည်းရှိမယ်။ ခုက ပစ တွေ အကျများလို့ တပ်ရင်းအင်အားတွေ ခုလို နည်းနဲ့ ဖြည့်တာပဲ” ဟု CDM အရာရှိတစ်ဦးက မဲခေါင်သို့ ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် စစ်မှုထမ်း အပတ်စဉ် ၁၄ထိ လေ့ကျင့်သင်တန်း ဆင်းပေးထားပြီး အပတ်စဉ် ၁၇ထိ သင်တန်း ဖွင့်လှစ်လျက် ရှိသည့်အပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းထားသူများမှ အချို့ကို အမြဲတမ်းစစ်မှုထမ်းအဖြစ် ခွဲထုတ်၍ စစ်အခြေခံသင်တန်းများသို့ စာရင်းသွင်း တက်ရောက်စေခြင်း များလည်း လုပ်ဆောင်နေသည်ဟု သိရသည်ဟု မြန်မာ့စစ်ဖက်ရေးရာနှင့် လုံခြုံရေးရာလေ့လာရေးအဖွဲ့ MMDSI က ယမန်နေ့ စက်တင်ဘာလ ၂၁ရက်က ဖော်ပြထားသည်။
စုံစစ်ကောင်စီတပ်သည် လစဉ် စစ်မှုထမ်းသင်တန်းသား သတ်မှတ် အရေအတွက် ပြည့်မီကျော်လွန်ရရှိအောင် နည်းလမ်းပေါင်းစုံ လုပ်ဆောင်နေသဖြင့် နိုင်ငံအနှံ့တွင် အဓမ္မပေါ်တာဆွဲ စုဆောင်းမှုများ နှင့် လူဖမ်းဆီး အရောင်းအဝယ်ကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ဟုလည်း MDSI က ဆိုသည်။
မဟာ
Photo – Nge Lay
#MeKongNews
#MMDSI
#ဒေသစစ်မှုထမ်း
#ပြည်သူ့စစ်
#ကရင်နီ
#ရှမ်းတောင်
#စစ်အခြေခံသင်တန်း
#ပေါ်တာ








