မဲခေါင်၊ စက်တင်ဘာ ၁၈
KTV များမှ မိန်းကလေးများ ပျောက်ဆုံးမှုများ အပါအဝင် ရပ်စောက်မြို့တွင် ရာဇဝတ်မှုများထူပြောနေပြီး ပျောက်ဆုံးသည့် မိန်းကလေးများထဲတွင် အသတ်ခံရနိုင်သည်များရှိနေကြောင်း ဒေသခံများက မဲခေါင်သို့ပြောသည်။
စက်တင်ဘာ ၁၃ ရက်နေ့၊ ည ၉ နာရီခွဲခန့်တွင် ရပ်စောက်မြို့၊ နောင်ပိုင်းကန်အနီး၌ အဝတ်အစားမပါသည့် အမျိုးသမီးငယ်တစ်ဦး လမ်းဘေးလဲကျနေသည်ကို လူ ၁၂ ဦးခန့်ပါသည့် ကားတစ်စီးမှ တွေ့ရှိခဲ့ပြီး လူမှုကူညီရေးအသင်းသို့ အကြောင်းရာခဲ့ကြောင်း၊ လူမှုကူညီရေးအသင်းမှ သွားရောက်ကြည့်ရှု့ရာတွင် ထိုအမျိုးသမီးငယ်ကို မတွေ့ရတော့ကြောင်း သွားရောက်ကြည့်ရှုသူ လူမှုကူညီသူတစ်ဦးက ပြောသည်။
“မိန်းခလေးငယ် ဝတ်လစ်စလစ်နဲ့၊ အသက် ၁၈ ၊ ၂၀ ဝန်းကျင်အရွယ်၊ သေနေတာလား မသိဘူး တွေ့လို့တဲ့။ သူတို့ကို အမှုပတ်မှာကြောက်လို့ ကားသမားတွေ ပြေးလာကြတယ်။ သွားပြန်ကြည့်တော့ မရှိတော့ဘူး။ ရဲစခန်း၊ ဆေးရုံတွေမှာလည်း မရောက်ဘူး။ ပြန်သိရတာတော့ ကားတစ်စီးက လာတင်သွားတယ် ပြောတယ်။ ဒီမှာက ကြောက်ကြတော့ တော်တန်ရုံ မပြောရဲကြတော့ဘူး။ ဝင်မပါကြတော့ဘူး။ အန္တရာယ်ရှိတာကိုး” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက် နံနက်အစောပိုင်းကလည်း ရပ်စောက်တည်းခိုခန်း လမ်းကြားထဲမှ လက်နောက်ပြန်ကြိုးတုပ်ခံထားရသူ အမျိုးသမီးငယ်တစ်ဦး တွေ့ရှိသဖြင့် ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ရကြောင်း ယင်းလူမှုကူညီသူက ပြောသည်။
“ကြိုးတုပ်ပြီး ဝိုင်းမုဒိမ်းကျင့်ခံထားရတဲ့ပုံပဲ။ လည်ပင်းတောင်ကွဲနေပြီထင်တယ်။ ဒဏ်ရာဒဏ်ချက်တွေက နည်းတာမဟုတ်ဘူး။ ကောင်မလေးကို ဘယ်ကလည်းဆိုတော့ KTV ကတဲ့၊ ယဲ့ယဲ့လေးဖြေသွားခဲ့ရှာတယ်။ ပြည်သူတွေဘဝ အားကိုးရာမဲ့နေပြီ” ဟု ၎င်းက ဆိုသည်။
ရပ်စောက်တွင် KTV ၄ ခုရှိရာ လဝန်းထက်မှာ ကာမကိစ္စနှင့် မူးယစ်ဆေးစုံရပြီး ယင်း KTV တွင် သီချင်းဆိုသည့်ကိစ္စဖြင့် စကားများကာ လက်နက်ကိုင်အဖွဲ့တဖွဲ့က အသက်၂၅နှစ်အရွယ် မှုံကြီးဆိုသူ EPC ဝန်ထမ်းတစ်ဦးကို ပစ်သတ်ခဲ့သည့် ဖြစ်စဥ်လည်းရှိခဲ့ပြီး ယခုထိအမှုမပြီးပြတ်သေးကြောင်း သိရသည်။
“ည ၁၂ နာရီလောက်မှာ လဝန်းထက် KTV မှာ ပစ်သတ်ခံရတာ။ ဘေးကကောင်လေးကို အမှုဖြစ်ပွားတဲ့ချိန် မျက်မြင်သက်သေဆိုပြီးပဲ မေးမြန်းပြီး နောက်နေ့ပြန်လွှတ်တယ်။ လုပ်တဲ့လူတွေကို ဘာမှ မလုပ်ဘူး၊ တရားလည်း မစွဲဘူး၊ ဖမ်းလည်း မဖမ်းဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
မှုန်ကြီး၏အလောင်းကို ကြာအင်းစာသင်ကျောင်းအနီး လာရောက်ပစ်ထားခံသည်ကို တွေ့ရှိခဲ့ကြရပြီး ယခုချိန်ထိ အမှုအခြေအနေ မည်သို့ရှိသည်မသိရဟု ဆိုသည်။
၎င်းအပြင် “ရှယ်သန်းကွမ်းယာဆိုင်” မှ အမျိုးသမီး ရွှေထည်များ လုယက်ခံရမှုလည်း ယခုထိ လက်သည်မပေါ်သေးကြောင်း ဒေသခံများထံမှာ သိရသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်က ဇော်ဂျီကွေ့နေအိမ်မှ ၈ နှစ်အရွယ် ကလေးမလေးပျောက်ဆုံးမှုမှာလည်း ယခုအထိ လူလည်းပြန်မတွေ့သလို တရားခံလည်း မပေါ် ဖြစ်နေကြောင်း သိရသည်။
ရပ်စောက်တွင် စစ်ကောင်စီတပ် ခမရ-၅၀၈ ရှိနေပြီး ၎င်းနှင့်ကပ်လျက် ဘန်ဟွေးရွာ၌ SSPP တပ်စွဲထားရှိကာ ရဲစခန်းများလည်းရှိသော်လည်း ယခုလို ရာဇဝတ်မှုများ ဖြစ်နေသည့်အတွက် ဒေသခံပြည်သူများ ဘဝလုံခြုံမှုရှိမနေသဖြင့် ဥပဒေစိုးမိုးမှုရှိစေရန် ဒေသခံပြည်သူများမှ လိုလားလျက်ရှိကြောင်း သိရသည်။
မဟာ
#MeKongNews
#ရပ်စောက်
#ရာဇဝတ်မှု
#ခမရ၅၀၈
#SSPP








