မဲခေါင်၊ စက်တင်ဘာ ၁၅
ရှမ်းပြည်တောင်ပိုင်းထွက် သီးနှံအချို့ လတ်တလောတွင် စျေးကောင်းရနေရာ အထူးသဖြင့် ပန်းဂေါ်ဖီထုပ်များ စျေးကောင်းရနေကြောင်းအောင်ပန်းမြို့ ကုန်စိမ်းစျေးကွက်မှ သိရသည်။
ပန်းဂေါ်ဖီ စတင်ပေါ်သည့် သြဂုတ်လကုန်ပိုင်းတွင် ယခင်နှစ်က ပုံမှန်တစ်ပွင့်လျင် ကျပ် ၈၀၀ ခန့်သာရှိသည့် ပန်းပွင့်တစ်ပွင့်ကို ယခု စက်တင်ဘာ ၁၅ရက်နေ့၌ ဝယ်စျေးကျပ် ၃၀၀၀ အထိရောက်ရှိလာကြောင်း အောင်ပန်းကုန်စိမ်းကုန်သည်တစ်ဦးက မဲခေါင်သို့ ပြောသည်။
“အနိမ့်ဆုံးကလက်လီ ၁၅၀၀၊ ၂၀၀၀ ဖြစ်နေပြီ အပွင့်ကြီးက ၃၀၀၀ ပြန်ရောင်းတော့ ၃၂၀၀ ရှိတယ်။ ရန်ကုန်ဆို ၅ ထောင်၊ ၆ ထောင်ရောက်ပြီ။ ဒါတောင် တချို့လမ်းတွေမပွင့်လို့၊ ဒါကလည်း ပန်းပွင့်ကုန်မယ့် နိုဝင်ဘာလောက်ပဲ စျေးတန်းရှိနိုင်မယ်။ ပန်းပွင့်ကတစ်ပွင့်ဆို တစ်ပွင့် ဟင်းဖြစ်တယ်လေ”ဟု ၎င်းကုန်သည်က ပြောသည်။
အောင်ပန်းမြို့၊ ဘော်နင်းအုပ်စု၊ ရွာတော်မှ ပန်းဂေါ်ဖီစိုက်တောင်သူတစ်ဦးကလည်း ယခုနှစ်ပန်းပွင့်စျေးကောင်းရပြီး အခင်းပြတ် ကျပ်သိန်း ၈၀ဖြင့် ရောင်းချလိုက်ကြောင်း မဲခေါင်သို့ပြောသည်။
“ရောရာအပွင့် ၁၂၀၀၀ ကို ခင်းပြတ် ကျပ်သိန်း ၈၀နဲ့ ခုရက်ပိုင်းကပဲ ဖြုတ်လိုက်တယ်။ အရင်းက သိန်း ၃၀ကျော်ဆိုတော့ ငွေစျေးအရမဟုတ်ဘဲ ပေါက်စျေးအရ မြတ်တယ်ပြောရမှာပေါ့။ သူ့ရာသီက နိုဝင်ဘာအထိဆိုတော့ ၃လကြာ မှာထပ်ပေါ်မှာဆိုတော့ မမီတော့လို့ ထပ်မစိုက်ဘူး။ စိုက်ရက်တစ်လခွဲသာရှိတဲ့ မုန်ညင်းပဲစိုက်တယ်” ဟု ၎င်းကဆိုသည်။
ပန်းဂေါ်ဖီ စိုက်ပျိုးရာတွင် အရင်းအနေဖြင့် စိုက်ပျိုးရေးမြေဆီစသည့် သွင်းအားစုများ အရ ကုန်ကျငွေတစ်ပွင့်ကျပ် ၃၀၀ ကျော် ကျသင့်ကြောင်း၊ အခင်းပြတ်ရောင်းစျေး ကျပ် ၆၀၀ ကျော် ရောင်းရသော်လည်း စျေးကွက်တွင် အနိမ့်ဆုံး တစ်ပွင့် ကျပ် ၁၅၀၀ခန့် ဈေးရှိကြောင်း၊ ဝယ်လက်အနေဖြင့် အခင်းပြတ်ဝယ်ယူရာတွင် ၃ပုံ ၁ပုံခန့် အပယ်အဖြစ် ပစ်ရခြင်းကြောင်း ယင်းသို့ ဈေးကွာရခြင်းကြောင်း ပန်းဂေါ်ဖီစိုက်သူများထံမှ သိရသည်။
အခြား တွက်ချေကိုက်နေသည့် သီးနှံများအနက် ရွှေပဲမှာ တစ်ပိဿာလျင် ယခင် ကျပ်၈၀၀၀မှ ယခု ၁၈၀၀၀ ကျပ်အထိ တက်လာပြီး အာလူးမှာလည်း တရုတ်ဘက်အဝင်မရှိသဖြင့် ပြည်တွင်းစိုက် မျက်နီ၊ ဘေဘီလုံ၊ မာကစ်သည့်မျိုးရင်းများ တစ်ပိဿာလျှင် ယခင် ၅၀၀၀ ကျပ်မှ ယခု ကျပ် ၆၅၀၀ အထိ စျေးရနေကြောင်း၊ သို့သော် အအေးခန်းထားနိုင်သည့် တောင်သူများသာ တွက်ချေကိုက်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
တစ်ဖက်တွင်လည်း အထားမခံသည့် ကုန်စိမ်းအများစုမှာမူ အကျဘက်သို့ ဦးတည်နေကြောင်း အောင်ပန်းဈေးကွက်မှ ကုန်သည်တစ်ဦးကပြောသည်။
“ပွဲရုံတွေမှာ ပုံအောနေတာပဲ၊ ရောင်းမထွက်တဲ့ ကုန်စည်တွေ အဖြစ်နဲ့။ အဲ့ဒါတွေ ပျက်စီးသွားရင် တစ်ပြားမှ တောင်သူရော၊ ပွဲစားရော မရတော့ပါ” ဟု ၎င်းကဆိုသည်။
ပွဲရုံတွင် ရှိနေသည့် ကုန်စိမ်းများမှာ ပဲလိပ်ပြာ၊ ဘိုစား၊ မုံညှင်း၊ ငရုပ်စိမ်း၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်ပွ၊ ဂေါ်ရခါးသီး၊ ဖရုံသီး၊ ကျောက်ဖရုံတို့ဖြစ်ကြပြီး တခြားမြို့နယ်များသို့တင်ပို့နိုင်ပါက ဈေးတက်ဈေးရနိုင်ရန် မျှော်လင့်ထားကြသည်။
မဟာ
#MeKongNews
#ရှမ်းတောင်
#ကုန်စိမ်း
#ပန်းဂေါ်ဖီ
#အောင်ပန်း








