မဲခေါင်၊ စက်တင်ဘာ ၁၂
နယ်စပ်မှ တင်သွင်းလာသည့် ကုန်စည်များကို တင်းတင်းကြပ်ကြပ် စစ်ဆေးခြင်းအပြင် လိုင်စင်မဲ့ကုန်ကားများကိုပါ စစ်ဆေးပြီး အပြီးသိမ်းဆည်းခြင်းများ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်မြို့ဂိတ်တွင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်းသို့ ထိုင်းကုန်များဝင်ရောက်နိုင်သည့် တောင်ကြီး-မိတ္ထီလာလမ်းပိုင်းပေါ်ရှိ ကျွဲတပ်ဆုံဂိတ်တွင် အစစ်အဆေးတင်းကြပ်နေသလို တာချီလိတ်၊ မိုင်းလား၊ လင်းခေး၊ မောက်မယ်မြို့တို့ဘက်မှ တောင်ကြီးဘက်သို့လာသည့် ကုန်ကားများကိုလည်း ပိတ်ဆို့စစ်ဆေးရန် မိုင်းပွန်မြို့တွင် ယခုနှစ်အတွင်း ဂိတ်အသစ်ချကာ စစ်ဆေးတင်ကြပ်နေခြင်းဖြစ်သည်။
“မိုင်းပွန်ဂိတ်မှာ ၁၂ဘီး၊ ၆ဘီး အလွတ်(လိုင်စင်မဲ့)တွေ အကုန်ဖမ်းနေပါတယ်။ ကုန်တွေကိုတော့ အခွန်ဆောင်ခိုင်းပြီးပြန်ပေးပါတယ်။ ကားတွေကိုတော့ အခွန်ဆောင်ပြီးရင်ပြန်ပေးမယ်ပြောပြီး ပြန်မပေးပါဘူး။ ကျမတို့လည်း နားထားတာကြာပါပြီ။ အကြွေးတွေတင်နေလို့ ဆပ်ချင်နေတာနဲ့ အရဲစွန့်ပြီးထွက်လိုက်တာ” ဟု ယာဉ်သိမ်းဆည်းမှုကို မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
မိုင်းပွန်ဂိတ်မှ ဖြတ်သန်းသွားသော ကုန်တင်ကားတိုင်းကို အဖွဲ့စုံ၊ ဌာနစုံဖြင့် စစ်ဆေးပြီး လိုင်စင်မဲ့ဖြစ်လျှင် ကားကိုအပြီးသိမ်းသလို ကုန်ပါပြီး အခွန်မဆောင်ထားပါကလည်း ကုန်များကိုသိမ်းသွားကာ တောင်ကြီးမြို့ရှိ အခွန်ရုံးတွင် အခွန်ဆောင်ပြီးမှ ကုန်သည်များထံ ပြန်ပေးကြောင်းသိရသည်။
သိမ်းခံထားရသော ကုန်ကားပိုင်ရှင်များ၏ ဖုန်းနံပါတ်၊ အိမ်လိပ်စာနှင့် ယာဥ်မောင်းလိုင်စင်ကတ် တို့ကို စစ်ဆေးရေးဂိတ်တွင်ပေးခဲ့ရသည်ဟု သိရသည်။
မိုင်းပွန်ဂိတ်တွင် တစ်ရက်လျှင် လိုင်စင်မဲ့ ကုန်ကား အနည်းဆုံး ၃ စီးခန့် ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံတပ်ထဲသို့ ၃ ရက်လျှင်တစ်ကြိမ်ခန့် သိမ်းဆည်းထားသော ကုန်ကားများအား သွားပို့ပေးနေကြောင်း ဒေသခံများထံကသိရသည်။
“လိုင်စင်မပါတဲ့ကားတွေဆို ရပ်ခိုင်းထားပြီး ကုန်သည်ကို အခွန်ဆောင်ခိုင်းပြီး ကုန်ကိုလာယူခိုင်းပြီး ကားကိုတော့သိမ်းပါတယ်။ မိုင်းပွန်မှာ ၃ ရက်လောက်ထားပြီး ဟိုပုံးတပ်ထဲပို့လိုက်ပါတယ်။ ကုန်တွေက ကုန်သည်တွေကို ကာစတန်ရုံးမှာ အခွန်ဆောင်ခိုင်းပြီးရင် ပြန်ပေးပါတယ်။ လိုင်စင်လည်းရှိတယ် အခွန်လည်းဆောင်ထားတယ်ဆိုမှ လွှတ်ပေးပါတယ်” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
ပြည်တွင်းလိုအပ်ချက်အရ နယ်စပ်မှ တင်သွင်းသည့် ကုန်ပစ္စည်းအများစုကို စစ်ကောင်စီက လိုင်စင်ထုတ်ပေးခြင်းမရှိသလို လိုင်စင်မရှိဘဲ တင်သွင်းပါကလည်း တင်းတင်းကြပ်ကြပ်ဖမ်းဆီးနေသည့်အတွက် ပြည်တွင်း၌ ကုန်ဈေးနှုန်းများတက်ပြီး ကုန်သည်၊ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများလည်း အခက်အခဲတွေ့နေရသည်။
လက်ရှိတွင် ကုန်သည်များနှင့် ကုန်တင်ကားမောင်းနှင်သူများကလည်း လုပ်ငန်းရပ်ထားရသည်မှာ ကြာမြင့်နေပြီဖြစ်၍ စားဝတ်နေရေးအဆင်ပြေစေရန် မတတ်သာသဖြင့် အရဲစွန့်လုပ်ကိုင်ရခြင်းဖြစ်ကြောင်း ဆိုကြသည်။
နန်းမွန်း
#MeKongNews
#ကုန်ကား
#မိုင်းပွန်ဂိတ်
#စစ်ကောင်စီ
#စစ်တပ်
#အခွန်
ဓာတ်ပုံ – လွိုင်လင်-မိုင်းပွန်လမ်း(ခေါင်းနွဲ့တောင် လမ်း) တနေရာ








