မဲခေါင်၊ စက်တင်ဘာ ၁၁
စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးသွားသည့် နေအိမ်များကို စစ်ကောင်စီ၏ ရှမ်းပြည်အစိုးရက လျော်ကြေးပေးမည့်အပေါ် အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ ဟဲယာရွာမရွာတွင် အုပ်ချုပ်ရေးပိုင်းက မမှန်စာရင်းပြကာ လုပ်စားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်အစိုးရမှ ငလျင်ကြောင့် ပျက်စီးသည့် သစ်သားအိမ်တစ်အိမ်လျှင် ကျပ်သိန်းတစ်ရာ၊ ဝါးအိမ်တစ်အိမ်လျှင် ကျပ်သိန်း ၂၀ ထောက်ပံ့ကြေးပေးမည့်အပေါ် အုပ်ချုပ်ရေးပိုင်း၏ စာရင်းတွင် အမှန်တကယ်ပျက်စီးသည့် နေအိမ်တချို့ မပါဝင်ဘဲ ထိခိုက်ပျက်စီးမှုမရှိသည့် နေအိမ်များ ပါဝင်နေသည့်အတွက် ဒေသခံများကြား အငြင်းပွားမှုများ ဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ထောက်ပံ့ကြေးက သစ်အိမ်နဲ့ ဝါးအိမ် မတူဘူး။ ပြီးတော့ မပြိုတဲ့အိမ်တွေလည်း စာရင်းထဲထည့်ထားတယ်။ စာရင်းပါတဲ့သူတော့ ရမယ်။ မပါရင် မရဘူးဆိုတော့ မကျေနပ်လို့ အငြင်းပွားကုန်ကြတာ။ အမှန်တကယ် ဆုံးရှုံးတဲ့သူတွေကိုလည်း စာရင်းထဲက ဖျောက်ထားပါတယ်။ အဲထက် ဆိုးတာက အဲမှာ သတင်းပေးတဲ့သူရော၊ တိုင်တဲ့သူရော၊ တိုင်ဖို့ အကြံပေးတဲ့သူရော ဖမ်းထည့်မယ်ဆိုပြီး ခြိမ်းခြောက်နေတာပါ” ဟု ၎င်းက မဲခေါင်ကို ပြောသည်။
ယင်းခြိမ်းခြောက်မှုလုပ်ရပ်များကို ရွာအုပ်ချုပ်ရေးမှူးအုပ်ကြီး အောင်နိုင်ဦး (ခ) သားကြီးနှင့်ဇနီး နုနုအေး၊ ထွေအုပ်စာရေးမ သူဇာဝင်း တို့နှင့် အပေါင်းအပါ သာကီနှင့်ဇနီး သီတာကျော်တို့က ပြုလုပ်နေသည်ဟု ဒေသခံများက စွပ်စွဲသည်။
ယင်း အုပ်ချုပ်ရေးမှူးမှာ ငလျင်ကိစ္စတွင်သာမကဘဲ စစ်မှုထမ်းကိစ္စတွင်လည်း ၎င်းနှင့်မတည့်သည့် နေအိမ်များကို ဆွဲထည့်မည်ဟု ခြိမ်းခြောက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် ငလျင်ကြီးတွင် ဟဲယားရွာမ ရွာရှိ ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်မှ အိမ်ခြေ ၃၂၅ အိမ် ပျက်စီးခဲ့ရပြီး အင်းလေးဒေသ ဝါးပိုးအိမ် ကူညီထောက်ပံရေးအသင်း၏ စာရင်းအရ အင်းလေးဒေသတစ်ခုလုံး၌ ၃၈၅၀ အိမ်ရှိကြောင်း၊ ယင်းစာရင်းထဲတွင် လုံးဝပျက်စီး၊ တဝက်တပျက် ပျက်စီး၊ သစ်အိမ်၊ ဝါးအိမ်များပါဝင်ကြောင်း သိရသည်။
ငလျင်ကြောင့် ဖြစ်သည့် ဘေးဒုက္ခကို ၅ လကျော်ကြာ ခံစားရပြီးသည့် အခြေအနေတွင်မှ စစ်ကောင်စီက ထောက်ပံကြေးပေးရန် စီစဥ်သည့်အပေါ်တွင်လည်း ဝေဖန်မှုများရှိနေသည်။
ယခု အငြင်းပွားမှုဖြစ်ပွားသည့် ဟဲယာရွာမကဲ့သို့ အခြားငလျင်ကြောင့် ပျက်စီးမှုရှိခဲ့သည့် ရွာများတွင်လည်း အငြင်းပွားမှု ရှိ၊ မရှိ မဲခေါင်က စုံစမ်းနေဆဲဖြစ်သည်။
#MeKongNews
#အင်းလေးဒေသ
#ရှမ်းပြည်တောင်ပိုင်း
#ထောက်ပံကြေး
#ဟဲယာရွာမ








