မဲခေါင်၊ စက်တင်ဘာ ၁၀
အာဏာသိမ်းစစ်တပ်၏ အလုံးစုံထိန်းချုပ်နိုင်ရေး မဟာဗျူဟာ တစိတ်တပိုင်းအဖြစ် အင်တာနက်သုံးပြည်သူများအား ထောက်လှမ်းစောင့်ကြည့်ရာတွင် တရုတ်နည်းပညာ အသုံးပြုပြီး စစ်အုပ်စုကိုယ်စား ထောက်လှမ်းစောင့်ကြည့်ပေးသည့် နည်းပညာကုမ္ပဏီ ၁၃ခုထဲတွင် တာချီလိတ်အခြေစိုက် IM-Net (Internet Maekhong Network) ကုမ္ပဏီလည်း ပါဝင်ကြောင်း Justice for Myanmar – JFM ၏ ထုတ်ပြန်ချက်အရ သိရသည်။
Geedge ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသော စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအား အသုံးပြုကာ ထောက်လှမ်းစောင့်ကြည့်နေခြင်းဖြစ်ပြီး စစ်အုပ်စုကိုယ်စား လုပ်ဆောင်ပေးနေသည့် ကုမ္ပဏီ ၁၃ ခုရှိကြောင်း JFM က ဖော်ပြထားသည်။
၎င်းတို့မှာ ATOM (ယခင်နာမည် တယ်လီနောမြန်မာ)၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom တို့ ဖြစ်ကြောင်း JFM က ဆိုသည်။
IM-Net (Internet Maekhong Network) ကုမ္ပဏီသည် တာချီလိတ်မြို့အခြေစိုက် တာချီလိတ်မြို့တွင် အစောဆုံး တရားဝင် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြစ်ပြီး ၇နှစ်ကျော် ကြာပြီဖြစ်ကြောင်း ဒေသခံများထံမှာ သိရသည်။
ယင်းကုမ္ပဏီသည် လက်ရှိတွင် တာချီလိတ်မြို့နယ်အပါအဝင် ရှမ်းအရှေ့ရှိ မြို့ကြီးအားလုံးနီးပါးတွင် အင်တာနက်ဝန်ဆောင်မှုပေးနေပြီး ကုမ္ပဏီကို ဦးဆောင်သူမှာ ဦးလှမိုးဆိုသူဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ရှယ်ယာရှင်တွေကတော့ တခြားသူတွေလည်းပါတယ်။ တာချီလိတ်မှာ ခရိုင်အုပ်ချုပ်ရေးမှူးတာဝန်ကျခဲ့သူတစ်ဦးရဲ့ ညီလည်း ရှယ်ယာပါတယ်။ သူတို့က တာချီလိတ်မှာ အစောဆုံးပဲ” ဟု ၎င်းကပြောသည်။
Geedge ကုမ္ပဏီ၏ လျှို့ဝှက်ပေါက်ကြားလာသည့် အချက်အလက်များမှာ လက်ရှိ ကြီးကြပ် လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများအပါအဝင် အင်တာနက်ဝန်ဆောင်မှုပေးသူများ၊ အင်တာနက် ကြားခံပေးသူများ၊ ဖိုက်ဘာကြိုးလိုင်းလုပ်ကိုင်သူများက မြန်မာနိုင်ငံအတွင်း အင်တာနက်ကို စစ်အုပ်စုက လက်နက်သဖွယ်အသုံးပြုနေမှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း အတည်ပြု ထားသည်။
#MeKongNews
#တာချီလိတ်
#ရှမ်းအရှေ့
#အင်တာနက်
#တရုတ်
#IMNet








