မဲခေါင်၊ စက်တင်ဘာ ၁၀
လူမှုကွန်ယက်ပေါ်တွင် ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟု ဆိုကာ တောင်ကြီးမြို့နယ်၊ အေးသာယာ ရပ်ကွက် ၁ တွင် နေထိုင်သူ ကိုနေသွေးကို တောင်ကြီးမြို့နယ်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
၎င်းနေသွေး ၃၆ နှစ်သည် သြဂုတ်လ ၂၅ ရက်နေ့တွင် ၎င်းအသုံးပြုသည့် “Lasho Baegyi” Facebook Account မှ “မဲပေးဖို့ချည်း ဇွတ်ပြောပြီး မင်းတို့က ဘာကောင်တွေလဲ၊ စောက်လုံးပါရင် သေချာကြည့်၊ ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲ စဥ်းစား၊ အလကားနေ ဘာမှ စောက်ဖြစ်မရှိဘဲ ပြည်သူဆီကပဲ လိုချင်ရင်တော့” ဟု စာသားရေးသားခဲ့သည့်အတွက် အေးသာယာရဲစခန်းက ဖမ်းဆီးပြီး ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က) အရ တောင်ကြီးမြို့နယ် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသည် လားရှိုးမြို့မှ တောင်ကြီးမြို့သို့ စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်ကာ ကိုနေ အမည်ဖြင့် ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
“သူက ဆိုင်ကယ်အဟောင်း ဝယ်ရောင်းလုပ်တယ်။ ပျော်ပျော်နေတတ်သူပါ။ လိုင်းပေါ်တော့ သူ့စိတ်နဲ့မတဲ့ရင် တက်တက်ဆဲတတ်တယ်။ အဲအကျင့်က ခုဒုက္ခရောက်တော့တာပဲ” ဟု နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။
ကိုနေသွေးသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံရကာ ထောင်ဒဏ်ချမှတ်ခံရသူလည်း ဖြစ်သည်။
#MeKongNews
#အေးသာယာ
#ရှမ်းပြည်တောင်ပိုင်း
#စစ်ကောင်စီ
#ရွှေးကောက်ပွဲ
#ထောင်ဒဏ်








