မဲခေါင်၊ စက်တင်ဘာ ၁၀
မဲနှိုက်စနစ်ဖြင့် စစ်မှုထမ်းဝင်ရောက်သူတစ်ဦး လက်နက်နှင့်အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA ထံ ယမန်နေ့ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက အလင်းဝင်ရောက်လာခဲ့ကြောင်း DPLA က ထုတ်ပြန်ထားသည်။
ရှမ်းပြည်တောင်ပိုင်း၊ ကလောအခြေစိုက် တပ်မ ၅၅ လက်အောက်ရှိ ခလရ ၇ မှ စစ်ကောင်စီ တပ်သားတစ်ဦးဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ဖြိုးမင်းစံ ဆိုသူဖြစ်ကြောင်း၊ စစ်မှုထမ်းမဲနှိုက်စနစ်ဖြင့် ပြင်ဦးလွင်မှ စစ်ကောင်စီတပ်ထဲသို့ ရောက်ရှိလာကြောင်း ဖော်ပြထားသည်။
အလင်းဝင်တပ်သား ဖြိုးမင်းစံသည် ကျိုင်းတောင်း အမှတ် ၃ အခြေခံစစ်သင်တန်းကျောင်း၌ ကာလတိုသင်တန်း ၃ လကြာ တက်ရောက်ခဲ့ပြီး ကလော တပ်မ ၅၅ တပ်ရင်းအမှတ် ခလရ ၇ တွင် တပ်သားအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
”စစ်ကော်မရှင် တပ်အတွင်းမှာ အလိုမတူဘဲ စစ်မှုထမ်းခေါ်ခံရသူတွေဟာ နေ့တိုင်းနီးပါး ထွက်ပြေး လွတ်မြောက်နေသူတွေ အများအပြားရှိနေတယ်” ဟု အလင်းဝင်လာသူ ဖြိုးမင်းစံ၏ ပြောကြားချက်ကိုလည်း DPLA က ဖော်ပြထားသည်။
စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေနှင့် တပ်သားသစ်များကို စုဆောင်းကာ အလိုမတူဘဲ ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းများ လုပ်ဆောင်နေကာ ရွေးကောက်ပွဲမတိုင်ခင် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းစစ်မျက်နှာပြင်တွင် အများအပြား အသုံးပြု၍ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နေရာများကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း DPLA က ဆိုသည်။
စစ်ကော်မရှင်တပ်သည် စစ်ရေးတွင် အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေရုံသာမက စစ်အုပ်ချုပ်ရေး သက်တမ်းတိုးရန်အတွက် ရည်ရွယ်ပြီး တရုတ်၏ အကူအညီပေးမှုဖြင့် ရွေးကောက်ပွဲကို အကောင်အထည်ဖော်နိုင်ရန် ပြည်သူများကို ဖိအားပေးဆောင်ရွက်မှုများလည်း ရှိနေကြောင်း DPLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
#MeKongNews
#DPLA
#စစ်မှုထမ်း
#အလင်းဝင်
#စစ်ကော်မရှင်
#ကလောတပ်မ








