မဲခေါင်၊ စက်တင်ဘာ ၉
မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲသူ ၃၃ ဒသမ ၄ သန်း၏ အွန်လိုင်းအသုံးပြုမှုများကို ခြေရာခံစောင့်ကြည့်၍ ရနိုင်မည့် နည်းပညာများကို စစ်ကောင်စီထံ တရုတ် Geedge Networks က ရောင်းချတပ်ဆင်ပေးနေကြောင်း Justice for Myanmar က စက်တင်ဘာလ ၉ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။
Geedge Networks သည် တရုတ်အစိုးရနှင့် ချိက်ဆက်မှု ရှိနေသည့် နည်းပညာကုမ္ပဏီ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ၎င်းတို့၏ နည်းစနစ်များ၊ တင်ပို့ရောင်းချမှုသည် တရုတ်ပိုးလမ်းမ စီမံကိန်းနှင့် အညီ ဖြစ်သည် ဟု JFM က ဆိုထားသည်။
“Geedge ကုမ္ပဏီရဲ့ လျှို့ဝှက်ပေါက်ကြားလာတဲ့ အချက်အလက်စုမှာ လက်ရှိ ကြီးကြပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေအပါအဝင် အင်တာနက်ဝန်ဆောင်မှုပေးသူတွေ၊ အင်တာနက် ကြားခံပေးသူတွေ၊ ဖိုက်ဘာကြိုးလိုင်းလုပ်ကိုင်သူတွေက မြန်မာနိုင်ငံအတွင်း အင်တာနက်ကို စစ်အုပ်စုက လက်နက်သဖွယ် အသုံးပြုနေမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း အတည်ပြု ထားပါတယ်” ဟု JFM မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။
မြန်မာစစ်အုပ်စုထံ Geedge Networks က ရောင်းချပေးထားသည့် Hardware, Software များနှင့် ပံပိုးမှုများသည် အင်တာနက်သုံးစွဲသူများကို တစ်ဦးချင်း ခြေရာခံစေနိုင်ပြီး သက်ဆိုင်ရာ တာဝါတိုင်များ (Cell IDs)အလိုက် ချိက်ဆက်အသုံးပြုမှုများကို ခြေရာခံ၍ မိုဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့် တပြေးညီ ဖော်ထုတ်နိုင်စေမည် ဟု ဖော်ပြထားသည်။
ထိုသို့ လုပ်ဆောင်နိုင်ခြင်းကြောင့် စစ်အုပ်စုသည် နိုင်ငံတဝှမ်းရှိ လူ့အခွင့်အရေးကာကွယ်ရပ်တည်နေသူများ၊ သတင်းသမားများ နှင့် တော်လှန်ရေးအဖွဲ့ များအား ခြေရာခံခြင်း၊ ဖမ်းဆီးခြင်း၊ ညင်းပန်းနှိပ်စပ်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်သည့် စွမ်းဆောင်ရည်ကို ရရှိထားကြောင်း Justice for Myanmar က ဖော်ပြထားသည်။
Geedge ကုမ္ပဏီ၏ စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအား ဆက်လက် လည်ပတ်အသုံးပြုနေမှုတွင် စစ်အုပ်စုကိုယ်စား လုပ်ဆောင် ကူညီပေးနေသည့် ဆက်သွယ်ရေးနည်းပညာ ကုမ္ပဏီ ၁၃ ခုကိုလည်း ဖော်ထုတ်ထားသည်။
ယင်းကုမ္ပဏီများမှာ ATOM (ယခင်နာမည် တယ်လီနောမြန်မာ)၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom တို့ ဖြစ်သည် ဟု JFM က ဖော်ပြထားသည်။
တရုတ် “အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်” ပုံစံအား Geedge က ရောင်းချတပ်ဆင်ပေးမှုသည် စစ်အုပ်စုအတွက် မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲသူ ၃၃ဒသမ ၄ သန်း၏ အွန်လိုင်းအသုံးပြုမှုများကို အကန့်အသတ်မဲ့ ထိန်းချုပ်လာစေနိုင်ခဲ့သည် ဟု ဆိုသည်။
Geedge Networks ကုမ္ပဏီနှင့် ၎င်း၏ ခေါင်းဆောင်မှုတာဝန်ရှိသူ များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ နိုင်ငံတကာရာဇဝတ်မှုများတွင် အားပေးကူညီမှုအတွက် Geedge ၏ ကြီးကြပ်ကွပ်ကဲမှုနှင့် ခေါင်းဆောင်မှုတွင် ပါဝင်သူလူပုဂ္ဂိုလ်များအား နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် Justice For Myanmar က တောင်းဆိုထားသည်။
ယင်းဖော်ထုတ်ချက်များသည် တရုတ်အစိုးရက မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ဆက်လက် ရောင်းချခြင်း၊ မှားယွင်းသည့် နိုင်ငံရေးတရားဝင်မှုများ ပေးအပ်ခြင်း၊ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအတွက် ပံ့ပိုးကူညီခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် အားပေးကူညီမှုများကို တိုးမြှင့်လုပ်ဆောင်လာသည့် အချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဖေသန်း
#MekongNews
#GeedgeNetwork
#အင်တာနက်စောင့်ကြည့်ရေး
#စစ်ကော်မရှင်
#ထိန်းချုပ်မှု








