မဲခေါင်၊ စက်တင်ဘာ ၅
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဥ်းတိုက်နယ် မြောက်ဘက်တစ်ဝိုက်၌ ကျားဖြန့်အများအပြား ရောက်ရှိနေကြောင်း နယ်မြေခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။
ကျားဖြန့်များ ရောက်ရှိသည့်နေရာမှာ မိုင်းပျဥ်းတိုက်နယ်၊ ပင်လုံ၊ ညောင်ထောက်၊ စစ်ရှောင်ရွာသစ် အရှေ့ဘက်ရှိ နမ့်ဝင်းချောင်းနှင့် နမ့်အုတ်ချောင်းဆုံတွင်ဖြစ်ပြီး အကာအကွယ်ပေးထားသည့်အဖွဲ့က နေရာချထားပေးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ ၄၊ ၅ ရက်လောက် က ဖာလဲဈေးကုန်းမှာ တရုတ်ငွေ အများပြား လာလဲတဲ့လူတွေ ရှိတယ်။ ဈေးကုန်းက လူတော်တော်များများ တွေ့ရှိရတယ်” ဟု ၎င်းက ပြောသည်။
ယင်းကျားဖြန့်အဖွဲ့ ကို တာဝန်ယူသူမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ တပ်မဟာမှူးတစ်ဦးဖြစ်ပြီး မဲခေါင်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယင်းကျားဖြန့်များသည် ပြီးခဲ့သည့် သြဂုတ်လက ကျိုင်းခမ်းလေးတွင် ရက် ၂၀ ဝန်းကျင်ခန့် စခန်းချနေရာမှ သတင်းပေါက်ကြားသဖြင့် စစ်တပ်က လေယာဉ်ဖြင့် လာဝဲသည့်အတွက် ချက်ချင်းရွေ့ပြီး မိုင်းပျဉ်းတိုက်နယ်ဘက် ရောက်လာသည့် သဘောရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။
ဖာလဲဈေးကုန်းနှင့် နယ်မြေအုပ်ချုပ်ရေးမှာ စစ်ကောင်စီတပ် ခလရ ၂၄၉ တပ်ရင်း၏ နယ်မြေဖြစ်ကြောင်း သိရသည်။
#MeKongNews
#ရှမ်းတောင်
#ဟိုပုံးမြို့နယ်
#ကျားဖြန့်
#တရုတ်ငွေ








