မဲခေါင်၊ စက်တင်ဘာ ၅
လာဘ်စားမှုဖြင့် စသုံးလုံး၏ ဖမ်းဆီးစစ်ဆေးခံနေရသည့် ကျွဲတပ်ဆုံဂိတ်မှ တာဝန်ကျသူများကို ‘အပြစ်မရှိ’ ဆိုသည့်မှတ်ချက်ဖြင့် အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်က ယနေ့ မဲခေါင်သို့ပြောသည်။
မိတ္ထီလာ – တောင်ကြီးလမ်းပိုင်း၊ သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် အကောက်ခွန် ညွှန်မှူး၊ လက်ထောက်ညွှန်မှုး၊ ရဲမှူးနှင့် ကျန်အဆင့်အရာရှိများကို ဩဂုတ်လ ၂၄ရက်မှ စတင် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၄ရက်တွင် နောက်ဆုံးတစ်ဦးကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
“စစ်ကော်မရှင်ရုံးက တိုက်ရိုက်ကိုင်တွယ်နေခဲ့တာ၊ မနေ့က မူးယစ်က ဒုရဲမှူးတစ်ဦးကို နောက်ဆုံးလွှတ်ပေးတယ်။ အားလုံး၂၀လောက်ရှိတယ်။ ခွဲပြီးလွှတ်တာ။ အပြစ်မရှိဘူးမှတ်ချက်နဲ့ အားလုံးလွှတ်ပေးလိုက်ပြီ။ အပြစ်မရှိဘူးဆိုပြီး လွှတ်တာ၊ ပိုင်ရာဆိုင်ရာတွေနဲ့ ညှိပြီး လွှတ်တာလို့ ထင်တယ်။ ဂိတ်မှာ ထိုင်တဲ့သူတွေကလည်း အကောင်တွေပဲ ထိုင်တာဆိုတော့လေ” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးစစ်ဆေးပြီး ၁၂ရက်အကြာတွင် နေပြည်တော် စသုံးလုံးရုံးမှ အားလုံးကို ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး လွတ်မြောက်လာသူများထဲတွင် အကောက်ခွန် ညွှန်မှူးအောင်ခိုင်လည်း ပါဝင်ကြောင်း၊ လွှတ်မြောက်လာသည့် စစ်ကောင်စီဝန်ထမ်းများကို မူလတာဝန်အတိုင်း ဆက်လက်ထမ်းဆောင်ခိုင်းမည်လား၊ အခြားနေရာများသို့ ပြောင်းရွှေ့ပေးမည်လား ဆိုသည်ကိုမူ လောလောဆယ် မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။
၎င်းတို့ကို ဖမ်းဆီးသည့် သြဂုတ်လ၂၄ရက် တစ်ရက်ထဲမှာပင် လာဘ်ယူထားသည့် ငွေသား ကျပ်သိန်း ၅၀၀ သိမ်းဆည်းရမိပြီး အချင်းချင်း အမှုလျော့ပေးဖို့ ညှိနှိုင်းနေသည်များသတင်းထွက်လာပြီးနောက် ယခုလို အပြစ်မရှိမှတ်ချက်ဖြင့် ပြန်လည် လွတ် မြောက်လာကြခြင်းဖြစ်သည်။
လတ်တလော ယင်းကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးတင်းကျပ်နေပြီး ပြည်ပကုန်ဖြစ်ပါက အမေးမြန်းမရှိ အသိမ်းခံနေရကြောင်း တောင်ကြီးကားလိုင်းများထံက သိရသည်။
ယင်းစစ်ဆေးရေးဂိတ်၏ တင်းကြပ်သည့် စစ်ဆေးဖမ်းဆီးမှုများကြောင့် တောင်ကြီး-ရန်ကုန် ကားဂိတ်များလည်း ကုန်ပစ္စည်း ပို့ဆောင်မှုကို ယာယီ ရပ်နားထားကြောင်း ဂိတ်များမှစုံစမ်းသိရသည်။
#MeKongNews
#ကျွဲတပ်ဆုံဂိတ်
#စသုံးလုံး
#အကောက်ခွန်
#လာဘ်စား








