မဲခေါင်၊ စက်တင်ဘာ ၅
စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက အင်အားဖြန့်ခွဲပြီး ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံနယ်အတွင်းရှိ ရွာများတွင် ရွာစဥ်လိုက် တပ်စွဲကာ ကျေးရွာများရှိ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ကလောအခြေစိုက် တပ်မ ၅၅ မှ ဗျူဟာစစ်ကြောင်း နှင့် ရွာငံနယ်၊ မြင်းကျဒိုးရွာသား ဝင်းမြင့်ဆိုသူ ဦးဆောင်သည့် ပျူစောထီးအဖွဲ့ပူးပေါင်းအင်အား ၅၀၀ ခန့်သည် ရွာငံ ကားလမ်းမ တစ်လျှောက်နှင့် အနီး ဝန်းကျင်ကျေးရွာများ၌ တစ်ရွာလျင် ၅ဦး မှ ၁၀ဦးအထိ ဖြန့်ခွဲထားရှိကာ ပြည်သူအများ ရွာအပြင် ထွက်ခွင့်မပြုခြင်း၊ ဖုန်းများကို အချိန်မရွေးစစ်ဆေးနေခြင်း၊ လူသုံးကုန်နှင့် ရိက္ခာများ သယ်ဆောင်ခွင့် မပေးခြင်း စသည့်များအပြင် မသင်္ကာပါက ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများက မဲခေါင်သို့ ပြောသည်။
“၃၀၀ ဝန်းကျင်လောက်ပါ။ သူတို့က မင်းပလောင်၊ ကျောက်တောကို မဝင်ခင် ရပ်ရွာတွေမှာ နည်းနည်းစီ အထိုင်ချပြီး ပိတ်ဆို့ထားတာပါ” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
PDF များကို ကူညီနေသည်ဟု ဆိုကာ မင်းပလောင်ရွာနှင့် ကျောက်တောရွာမှ ရွာသားများ ယာယီနေထိုင်နေသည့် မိုးကာတဲများကို မီးရှို့ ဖျက်စီးခဲ့ပြီး ယင်းရွာများတွင် ပင်မအင်အား ၃၀၀ ခန့်ဖြင့် တပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်သို့ ဒရုန်းဖြင့် ထောက်လှန်း၍ ဗုံးချခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း၌ပင် မင်းပလောင်ရွာမှ အိမ်ခြေ ၂၀၀ နီးပါးကို စစ်တပ်မှ မီးရှို့ဖျက်စီးခဲ့သဖြင့် ကျေးရွာနေပြည်သူ ၇၀၀ ခန့်မှာ တောတောင်များထဲ ထွက်ပြေးခဲ့ရပြီး ယာယီတဲများဖြင့် ဖြစ်သလို နေထိုင်နေသည်ကို စစ်တပ်နှင့် ပျူစောထီးများက ယခုတစ်ဖန် ထပ်မံ မီးရှို့ပြန်ကြောင်း သိရသည်။
ပြီးခဲ့သည့် တစ်ပတ်တာကာလအတွင်း စစ်တပ်နှင့် ပျူစောထီးများ စစ်ကြောင်းထိုးလာသည့်အတွက် PDF များမှ ပျောက်ကြားနည်းဖြင့် ခုခံတိုက်ခိုက်ကာ ရွာများနှင့် ဝေးရာ တောတောင်များ၌ လှုပ်ရှားနေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ရွာငံ ပျူစောထီးဝင်းမြင့်နှင့် အပေါင်းပါများသည် ပြည်သူ့အိမ်ယာများမှ ၎င်းတို့ လိုချင်သည်များကို အဓမ္မလုယက်ကာ ချမ်းသာလာကြောင်း ဒေသခံများက ပြောသည်။
ကလောအခြေစိုက် တပ်မ၅၅ မှ ဗျူဟာအဆင့် စစ်ကြောင်းများဖြင့် ဒေသခံဌာနေ ပျူစောထီးများ၏ အကူအညီကို ရယူကာ ရွာငံနယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်နေခြင်းဖြစ်သည်။
မဟာ
#MeKongNews
#ရွာငံမြို့နယ်
#မင်းပလောင်
#တပ်မ၅၅
#ပျူစောထီး








