မဲခေါင်၊ စက်တင်ဘာ ၄
ရှမ်းပြည်စစ်ဘေးရှောင်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) ကဲ့သို့နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့သည့် ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများပါမကျန် ကိုယ်ကျိုးအတွက် ပြန်ရောင်းစားခဲ့သည့် ရှမ်းပြည်တောင်ပိုင်း ကြက်ခြေနီအသင်း ဥက္ကဌ ဦးညီညီကို စစ်တပ်နှင့် ဌာနဆိုင်ရာများက ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။
ပြီးခဲ့ သြဂုတ်လနောက်ဆုံးပတ်က မီဒီယာများတွင် ဦးညီညီ၏ WFP မှရိက္ခာပစ္စည်းများအား ရောင်းစားမှု၊ ဌာနအတွင်းခွဲခြားဆက်ဆံမှု၊ အမျိုးသမီးဝန်ထမ်းအပေါ် ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့ အကြောင်းဖော်ပြခံရပြီးနောက် ရှမ်းပြည်ဝန်ကြီးချုပ်ရုံး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့(စရဖ)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) နှင့် ကြက်ခြေနီဌာနချုပ်တို့မှ ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
“သူ့ကို အဆင့်ဆင့်ခေါ်စစ်နေကြတယ်။ အကုန်စစ်ပြီးမှ Actionယူ(အရေးယူ)မှာ နေမှာ” ဟု ကြက်ခြေနီအသင်းနှင့် နီးစပ်သူတစ်ဦးမှ ဆိုသည်။
နိုင်ငံတကာအဖွဲ့အစည်းများမှ ရှမ်းတောင် မိုးဗြဲ၊ ဖယ်ခုံ၊ ဆောင်းပြောင်း၊ ညောင်ရွှေနှင့် ဆီဆိုင်မြို့များမှ စစ်ရှောင်လာသော ဒေသခံများအား ထောက်ပံ့သော ဆန်အိတ်အများအပြားနှင့် အသင်းပိုင်ပစ္စည်းများကို ပြန်ရောင်းချခဲ့သည့်ကိစ္စနှင့် ထောက်ပံ့ငွေများကို ကိုယ်ကျိုးအတွက် ယူသုံးထားသည်ကိစ္စများဖြင့် အဓိက စစ်ဆေးခံနေရခြင်းဖြစ်ပြီး ရာထူးမှဖယ်ရှားခံရသည်အထိ ဖြစ်နိုင်ကြောင်းသိရသည်။
ယခင်က လေတပ် ဗိုလ်မှူးဟောင်း ဖြစ်ခဲ့သည့် ဦးညီညီသည် မိတ္ထီလာလေတပ်နှင့် တောင်ငူလေတပ်တို့တွင် နည်းပြအဖြစ်တာဝန်ထမ်းခဲ့ဖူးပြီး ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်သို့ ပြောင်းရွှေ့တာဝန်ကျပြီးနောက် ထုတ်ပယ်ခံရကာ ရှမ်းတောင်ကြက်ခြေနီအသင်း ဥက္ကဌဖြစ်လာသည်။
ရှမ်းတောင်ကြက်ခြေနီ ဥက္ကဌဖြစ်လာပြီးနောက် ဌာနအတွင်း မကြာခဏအော်ငေါက်ရန်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်နှင့် အသင်းဝင်များကို ဆဲဆိုကြိမ်းမောင်းတတ်သလို ၎င်းအား ဥက္ကဌရာထူးလွှဲပြောင်းပေးခဲ့သည့် မိတ်ဆွေအရင်းအားလည်း ကြက်ခြေနီအသင်းမှ ဖယ်ရှားပစ်ခဲ့သူဖြစ်ကြောင်း ကြက်ခြေနီအသင်း ဝန်ထမ်းဟောင်းများထံက သိရသည်။
၎င်း၏သတင်းများမထွက်မီ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် ကြက်ခြေနီအသင်းမှ အမျိုးသမီးအဖွဲ့ဝင်တစ်ဦးအပါအဝင် ၂ ဦးကို ဦးညီညီက လက်သီးနှင့်ထိုးကာ ပါးရိုက်ခဲ့သည့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများလည်း ရှိခဲ့ခြင်းကြောင့် နေပြည်တော် ကြက်ခြေနီဌာနချုပ်အား တိုင်ခံထားရသေးကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ရှမ်းတောင်တွင် ရေဘေးနှင့် ငလျင်ဘေးတို့တွင် နိုင်ငံတကာအဖွဲ့အစည်းများမှ ပေးအပ်သောအထောက်အပံ့ ပစ္စည်းများကိုပါ ပြင်ပဈေးကွက်တွင်ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးညီညီ၏လုပ်ရပ်များအား မခံနိုင်မှုကြောင့် ကြက်ခြေနီအသင်းဝင်တချို့ တာဝန်မှနှုတ်ထွက်ကာ တောင်ကြီးမြို့နယ်တွင် ပရဟိတလူမှုကူညီရေးအသင်းများအဖြစ် ပြန်လည်လုပ်ကိုင်နေကြသည်။
#MeKongNews
#တောင်ကြီး
#ကြက်ခြေနီ
#ဥက္ကဌ
#ရာထူးပြုတ်
#စစ်ဆေးခံရ








