မဲခေါင်၊ စက်တင်ဘာ ၁
ကျောက်မဲမြို့အနီးတွင် စစ်ကောင်စီ နှင့် TNLA တို့ကြား တိုက်ပွဲပြင်းထန်လာပြီးနောက်ပိုင်း သီပေါမြို့တွင် နေထိုင်သူများလည်း လားရှိုးမြို့ဘက်သို့ စစ်ဘေးရှောင်သွားသူ များပြားလာကြောင်း သီပေါဒေသခံများက စက်တင်ဘာလ ၁ ရက်နေ့တွင် ပြောသည်။
လက်ရှိ စစ်ကောင်စီသည် နောင်ချိုကို သိမ်းပိုက်ပြီးနောက် ကျောက်မဲမြို့နယ်ကို စတင်ထိုးစစ်ဆင်နေပြီး ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်မဲမြို့နှင့် ၈ မိုင်ကျော်သာ ကွာဝေးသည့် နောင်ပိန်ကျေးရွာအထိ သိမ်းပိုက်ထားရာ သီပေါမြို့သို့ တိုက်ပွဲများ ကူးစက်လာမည် စိုးရိမ်သဖြင့် စစ်ဘေးရှောင်ကြခြင်းဖြစ်ကြောင်း သီပေါမြို့ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
“လားရှိုးဘက်ကို စစ်ရှောင်သွားကြပြီ။ မြို့ထဲလည်း လူသိပ်မရှိတော့ဘူး။ ဒီတစ်ခေါက် ရှောင်တဲ့သူ များတယ်။ သွားလာနေကြတာပဲ နည်းနည်းတော့၊ အရင်လို မစည်တော့ဘူး။ မနက်ပိုင်းပဲ၊ နေ့ဆို မထွက်ကြတော့ဘူး” ဟု သီပေါမြို့ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့သည် ကျောက်မဲမြို့နယ် နှင့် လားရှိုးမြို့နယ်ကြားတွင် တည်ရှိသည့်မြို့ ဖြစ်သလို ရှမ်းတောင် လမ်းကြောင်းဖြစ်သည့် နန့်လန်ဘက်မှ လာသည့် လမ်းကြောင်းနှင့်လည်း နီးစပ်သည့် မြို့ဖြစ်သည်။
ကျောက်မဲမြို့ အဝင်အထွက် ပြည်ထောင်စုလမ်းမကြီးတလျောက်တွင် နေထိုင်ကြသူများ အနေဖြင့် လတတလော အခြေအနေများကြောင့် နီးစပ်ရာ ရွာများသို့ သွားရောက်ရှောင်တိမ်းကြရန် နှိုးဆော်မှုများရှိပြီး ဒေသခံများ စစ်ဘေးရှောင်မှု များလာသည် ဟု နယ်ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ပြည်ထောင်စု လမ်းမကြီးတလျောက် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းရှိ ကျောက်မဲမြို့ နှင့် သီပေါမြို့တို့ကို စစ်ရေးဖြင့် ပြန်လည်ရယူရန် ကြိုးစားနေခြင်းဖြစ်သည်။
ဖေသန်း
#MeKongNews
#သီပေါ
#စစ်ဘေးရှောင်
#ရှမ်းမြောက်
#စစ်ကော်မရှင်








