မဲခေါင်၊ သြဂုတ် ၃၁
တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်နားရွာတွင် ရပ်ရွာအတွင်း ဆိုင်ကယ်လိုက်လံခိုးယူနေသူ ၂ဦးမှ ဩဂုတ်လ ၃၀ရက် ညပိုင်းတွင် ထိုင်းဘတ်ငွေတစ်ထောင်တန် အတုများဖြင့် ဈေးလာဝယ်ကြောင်း ဒေသခံများထံက သိရသည်။
ငွေအတုဖြင့် ဈေးလာဝယ်သူမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝမ်ပုံမှဆရာဝန်၏ဆိုင်ကယ်ကို ခိုးယူမှုဖြင့် ရဲများဖမ်းပြီးမှ ပြန်လွှတ်ပေးခဲ့သူဖြစ်ကြောင်း၊ ဩဂုတ်လ ၂၈ရက်ကလည်း ကျေးရွာအတွင်းမှ ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့သေးကြောင်း၊ ယမန်နေ့ည ၈နာရီခန့်က ငွေအတုဖြင့် စျေးလိုက်ဝယ်နေရာ ရဲများပြန်ဖမ်းသွားကြောင်း ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
“ပိုက်ဆံအတုနဲ့ မိုင်ဖုန်းမှာလာစျေးဝယ်တယ်ဗျ။ အစစ်နဲ့မတူဘူးဗျ။ ကိုင်ကြည့်တန်းသိတယ်။ ရေနဲ့ထိရင်ကွက်သွားတယ်။ ရဲတွေပြောတော့ လိုက်ရှာတဲ့ကောင်ဖြစ်နေတယ်လို့ပြောတယ်။ ထုံးစံအတိုင်းပဲ ပြန်လွတ်မှာထင်တယ်ဗျ။ အားလုံးသတိထားဖို့လိုပါတယ်”ဟု ၎င်းက ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း ထိုင်းဘတ်ငွေတစ်ထောင်တန်အတုများ ရံဖန်ရံခါ ဖမ်းဆီးရမိလေ့ရှိပြီး ယခုအသုံးပြုသည့် ငွေစက္ကူအတုမှာ အတုဟု လွန်စွာသိသာကြောင်း နီးစပ်သူများကပြောသည်။
#MeKongNews
#တာချီလိတ်
#ဝမ်နားရွာ
#ငွေအတု
#ဆိုင်ကယ်သူခိုး








