မဲခေါင်၊ ဩဂုတ် ၂၇
ကာဂျီကီမုန်တိုင်းလက်ကျန်ကြောင့် မိုးများနိုင်သည့် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် မယ်ဆိုင်ချောင်းရေသည် ဩဂုတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်နားသို့ ရောက်ရှိနေပြီး ထပ်မံမြင့်တက်ရန်ရှိကြောင်း မိုးဇလ က ထုတ်ပြန်ကြေညာထားသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့ မနတ် ၆ နာရီခွဲတွင် တိုင်းတာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာတွင် စိုးရိမ်ရေမှတ်အောက် တစ်ပေခန့် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။
ထိုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနှိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုမိနိုင်ရန် နှင့် ချောင်းရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် သတိပေးနှိုးဆော်ကြောင်း ဖော်ပြထားသည်။
ကာဂျီကီမုန်တိုင်းကြောင့် တာချီလိတ်မြို့နယ်တွင် ဩဂုတ်လ ၂၈ ရက်နေ့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၁ ဒသမ ၅ လက်မခန့် ရွာသွန်းနိုင်ပြီး မိုးအများဆုံး နေ့ဖြစ်မည် ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့ကလည်း မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ် အထက် တစ်ပေကျော်လွန်ရောက်ရှိခဲ့၍ မြို့အနီးဝန်းကျင်တွင် ရေကြီးရေလျှံဖြစ်ခဲ့ကာ လူတစ်ဦး သေဆုံးရသည့် ဖြစ်စဉ် ရှိခဲ့သည်။
မိုးရွာတိုင်း ရေကြီးရေလျှံနေသည့် တာချီလိတ်မြို့နယ်အတွင်းရှိ မယ်ဆိုင်ချောင်းသည် မုန်တိုင်းလက်ကျန် နှင့် တောင်ကျရေများကြောင့် ထပ်မံ ရေကြီးလာနိုင်သဖြင့် ဒေသခံများ သတိပြုနေထိုင်ရန် မိုးဇလနှင့် ပညာရှင်တို့က အသိပေးထားသည်။
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်ချောင်း
#ရေကြီးရေလျှံ
#သတိပြုရန်








