မဲခေါင်၊ သြဂုတ် ၂၄
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်လာသည့် တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ KAJIKIသည် အားအလွန်ကောင်းလာပြီး စူပါတိုင်ဖွန်းမုန်တိုင်း အဖြစ်ကိုရောက်ရှိကာ ယနေ့သြဂုတ်လ၂၄ရက် နံနက် ၇ နာရီတွင် ဗဟိုချက်လေတိုက်နှုန်း မိုင် ၈၀
ခန့်ဖြင့် ဟိုင်နန်ကျွန်းကိုချဉ်းကပ်နေပြီဖြစ်ကြောင်း မိုးလေဝသတင်းများက ကြေညာထားသည်။
မနက်ဖြန် သြဂုတ်လ၂၅ ရက် နေ့လယ်၁၂ နာရီ ဗီယက်နမ် ကမ်းခြေကို လေပြင်း ၁၂၂ မိုင် နှုန်းနှင့်စတင်ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းလက်ကျန်အနေဖြင့် သြဂုတ်လ ၂၆ ရက်၊ နေ့လယ်၁၂ နာရီအချိန်ခန့်တွင် ရှမ်းအရှေ့ မိုင်းယောင်း၊ တာလေ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းဆတ်ဒေသသို့ မိုးနှင့်လေ စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်း လေပြင်း မိုင် ၃၀ နှင့် ၄၀ ကြားရှိနိုင်ပြီး လမ်းကြောင်းတွင် မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသသတင်းများက ခန့်မှန်းထားသည်။
အထူးသဖြင့် မုန်တိုင်းအကြွင်းအကျန်မိုးကြောင့် ထိုင်းနိုင်ငံ ချင်းရိုင်၊ မြန်မာနိုင်ငံ တာချီလိတ်၊ မိုင်းတုံ၊ မုန်းထ၊ မိုင်းပန်၊ လင်းခေး၊ ဆီဆိုင်၊ ပင်လောင်း၊ နောင်တရား၊ ညောင်ရွှေ၊ အောင်ပန်း၊ ကလော၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ မိတ္ထီလာ၊ မလှိုင်၊ ကျောက်ပန်းတောင်း၊ နတ်မောက်၊ ပခုက္ကူဒေသများ မိုးကြီးရေလျှံသတိပြုရန် သတိပေးထားသည်။
ယခုမုန်တိုင်း၏ ခန့်မှန်းလမ်းကြောင်းသည် နာဂစ်ပြီးနောက်ပိုင်း တောင်အာရှ၏ ဖျက်အားအပြင်းဆုံး မုန်တိုင်းဖြစ်ခဲ့သည့် ယမန်နှစ် စက်တင်ဘာလ ၉ ရက်နေ့ မှာ ဝင်ရောက်ခဲ့သည့် ယာဂီမုန်တိုင်းလမ်းကြောင်းနဲ့ တထပ်တည်းဖြစ်နေသည့်အပြင် ယာဂီမုန်တိုင်းက ကမ်းခြကိုဝင်ရောက်ချိန်မှာ လေပြင်း မိုင် ၁၂၀ သာရှိခဲ့သော်လည်း ယခုမုန်တိုင်းကြီးက ယာဂီမုန်တိုင်းထက် ၁၀ မိုင် ခန့်ပိုကာမိုင် ၁၃၀ ခန့်ရှိနေတာကြောင့် ပိုပြီး သတိထားစရာဖြစ်ကြောင်း မိုးလေဝသခန့်မှန်းသူများက ဆိုသည်။
ယမန်နှစ် ယာဂီမုန်တိုင်း ဖြစ်ပြီး မုန်တိုင်းလက်ကျန်မိုးဒဏ်သာ ခံခဲ့ရသည့် မြန်မာနိုင်ငံမှာပင်သေဆုံးသူ ၄၃၅ ဦး၊ ဒဏ်ရာရ ၄၈ ဦး၊ ပျောက်ဆုံး ၇၉ ဦးနှင့်အိုးအိမ် သီးနှံနှင့် အရပ်ရပ်ပျက်စီးဆုံးရှုံးမှု စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၂၂ သန်း ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#မိုးကြီးရေလျှံ
#တာချီလိတ်
#ရှမ်းအရှေ့
#ကာဂျီကီ
#တိုင်ဖွန်းမုန်တိုင်း








