မဲခေါင်၊ သြဂုတ်၂၁
ဆိုင်ကယ်ခိုးယူလုယက်မှုများ မကြာခဏဖြစ်ပွားနေသည့် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်သူခိုး ၄ ဦးအား ဆိုင်ကယ် ၄ စီးနှင့်အတူ ဖမ်းဆီးရမိသည်ဟု ကျိုင်းတုံခရိုင်ရဲမှူးရုံးမှ ယနေ့ထုတ်ပြန်ထားသည်။
ယနေ့ သြဂုတ်လ ၂၁ ရက်တွင် ဆိုင်ကယ်သူခိုး ၄ ဦးအား ဆိုင်ကယ် ၄ စီးနှင့်အတူ ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်ဟု ကျိုင်းတုံခရိုင် ရဲရုံးမှ ဓာတ်ပုံမှတမ်းများနှင့် ထုတ်ပြန်ခြင်း ဖြစ်သည်။
ယင်းမြို့တွင် မကြာခဏဆိုင်ကယ်များ ခိုးယူ၊ ဖောက်ထွင်း လုယက်ခံရမှုများ ရှိနေသဖြင့် ပြည်သူအများက ထိရောက်စွာ အရေးယူပေးရေး တောင်းဆိုနေကြသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့က လိုင်စင်ပါဆိုင်ကယ်တစ်စီး ပျောက်ဆုံးသဖြင့် တွေ့ရှိပါက ကျေးဇူးဆပ်ပါမည် ဟု ပိုင်ရှင်က ကြေညာထားသည်။
“အမှုတော့ ဖွင့်မထားဘူး။ ခုမိတဲ့အထဲမှာ ပါခဲ့ရင် လိုင်စင်စာအုပ်နဲ့ တိုက်ကြည့်ရမယ်” ဟု ၎င်းက မဲခေါင်ကို ပြောသည်။
ယင်းဆိုင်ကယ်မှာ နောင်နွန်းရွာသို့ ခဏသွားစဥ် ရပ်ထားရာမှ ခိုးယူခံရခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင်ရဲရုံးကမူ သိမ်းဆည်ရမိ ဆိုင်ကယ်များနှင့် ပတ်သက်၍ မူလပိုင်ရှင်များထံ အပ်နှံနိုင်ရန်အတွက် ကျိုင်းတုံခရိုင်ရဲရုံးတွင် ဆက်သွယ်လာရောက် ကြည့်ရှု့ပေးကြပါရန်နှင့် သတင်းပေးခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ကြေညာထားသည်။
#MeKongNews
#ကျိုင်းတုံ
#ဆိုင်ကယ်သူခိုး
#ခရိုင်ရဲ
#ရှမ်းအရှေ့








