မဲခေါင်၊ ဩဂုတ် ၁၉
TNLA နှင့် MNDAA တို့ကို ရှမ်းမြောက်နယ်မြေအချို့မှ ထွက်သွားရန် ဆန့်ကျင်ဆန္ဒပြပွဲသို့ တစ်အိမ်တစ်ယောက် မလာမနေရစနစ်ဖြင့် လူဦးရေ ၁၅၀၀ ခန့်လာရောက်ရန် စစ်ကောင်စီက စီစဉ်ထားသော်လည်း ၃၀၀ ခန့်သာ လာရောက်ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၁၉ရက် မနက်၁၁ နာရီတွင် တောင်ကြီးမြို့ အေးသာယာမှ စစ်တပ်ထောက်ခံသူများ၊ တောင်ကြီးမြို့ပေါ် ကျောင်းကြီးစုရပ်ကွက် နှင့် ကံကြီးဖက်မှ အတင်းအဓမ္မခေါ်ယူခံရသူများ ပါဝင်ဆန္ဒပြကြပြီး တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း(ဘောလုံးကွင်း)တွင် စုဝေးခဲ့ပြီး YMCA တိုက်တန်းဖက်မှ မြို့တော်ခန်းမဖက်ကိုဖြတ်ကာ လွှတ်တော်ရုံးရှေ့မှတဆင့် စူဠာမုဏိစေတီအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
“လူ ၃၀၀ လောက်ပဲလာတာ၊ အများစုက စစ်တပ်ထောက်ခံသူတွေပါ။ ရွှေတောင်အုပ်ကြီး သန်းရွှေလည်းပါတယ်” ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လူအင်အား ၁၅၀၀ခန့်ခေါ်ယူထားသော်လည်း ၃၀၀ ခန့်သာလာရောက်ခဲ့သဖြင့် မြို့တော်ခန်းမ၊ စုပေါင်းရုံး၊ စည်ပင်၊ ဆည်မြောင်း၊ ပြန်ဆက်၊ လွှတ်တော်ရုံးမှဝန်ထမ်းများ အလံကိုင်ကာ အင်အားဖြည့်တင်းပေးနေရကြောင်းလည်းသိရသည်။
တချိန်တည်းမှာပင် တောင်ကြီးမြို့အပြင် လွိုင်လင်နှင့် နမ့်စန်မြို့တို့တွင်လည်း အလားတူ ဆန္ဒပြပွဲများပြုလုပ်နေသည်ဟု သိရသည်။ လာမည့် ၂၉ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်လည်း TNLA နှင့် MNDAA ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများပြုလုပ်ရန် စစ်ကောင်စီက စီစဉ်ထားကြောင်းသိရသည်။
ယမန်နေ့ကလည်း ရှမ်းတောင်မြို့များဖြစ်သော မိုးနဲ၊ မိုင်းပန်၊ ကွန်ဟိန်းတို့တွင် အလားတူ ခေါင်းစဉ်ဖြင့် ဆန္ဒပြပွဲပြုလုပ်ခဲ့သေးသည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က MNDAA နှင့် TNLA ဆန့်ကျင်ဆန္ဒပြပွဲများမှာ ရှမ်းပြည်သူလူထု ဆန္ဒမဟုတ်ဘဲ စစ်တပ်၏ တိုင်းရင်းသားအချင်းချင်းအကြား သွေးကွဲစေရန် လုပ်ဆောင်ချက်သာဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
စစ်အုပ်စု၏ ယခုလုပ်ရပ်များသည် ယခင်စစ်အာဏာရှင်အဆက်ဆက် ကျင့်သုံးသည့် သွေးခွဲဖိနှိပ် အုပ်ချုပ်ရေးစနစ်များသာဖြစ်ပြီး ယခုဆန္ဒပြပွဲများသည် ရှမ်းပြည်ဌာနေလူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်ပွါးစေရန် ရည်ရွယ်လုပ်ဆောင်နေသည်မှာထင်ရှားသည်ဟု ရှမ်းလူငယ်ကွန်ဂရက် – DYC က ထုတ်ပြန်ထားသည်။
ယခုစစ်ကော်မရှင်တွင် အားတက်သရော လိုလားစွာပါဝင်နေကြသော ရှမ်းလူမျိုးအချို့သည်လည်း ရှမ်းပြည်သူတစ်ရပ်လုံး၏ သဘော ဆန္ဒများကို လုံးဝ(လုံးဝ) ကိုယ်စားမပြုကြောင်း DYC က ဆိုသည်။
စစ်ကောင်စီ၏ ယခုလို ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသကဲ့သို့ ကျင်းပသည့် ဆန္ဒပြပွဲများတွင် ပါဝင်သည့် ပြည်သူလူထုများသည်လည်း နိုင်ငံရေးအသုံးချခံများသာဖြစ်ပြီး ယခုဆန္ဒပြပွဲများသည် ရှမ်းပြည်သူလူထု သဘောဆန္ဒများမပါဝင်ကြောင်း စစ်အုပ်စု၏ ယခုလုပ်ရပ်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
#MeKongNews
#ရှမ်းပြည်
#TNLA
#MNDAA
#လိမ်လည်ဆန္ဒပြ
#တောင်ကြီး
#စစ်တပ်ထောက်ခံသူ








