မဲခေါင်၊ သြဂုတ် ၁၈
စစ်ကောင်စီအုပ်ချုပ်ရေးက ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် တစ်အိမ်တစ်ယောက််လာမနေရ ဆင့်ခေါ်ပြီး TNLA နှင့် MNDAA အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် ယနေ့တွင် ဆန္ဒပြခိုင်းကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ သြဂုတ်လ ၁၈ ရက် နံနက် ၈ နာရီခွဲတွင် မိုးနဲမြို့၊ နှစ်ကျိတ်ရှစ်ဆူ ဆုတောင်းပြည့်ဘုရားစုရပ်မှ မြို့တွင်းကားလမ်းမကြီးအတိုင်း ကြွေးကျော်သံများဖြင့် ချီတက်ပြီး မိုးနဲဟော်ကို တစ်ပတ်ပတ်ကာ နံနက် ၉ နာရီခွဲ၌ ပြီးဆုံးခဲ့ကြောင်း ယင်းချီတက်မှုတွင်ပါဝင်သူ တစ်ဦးက မဲခေါင်သို့ ပြောသည်။
“မနေ့က အစည်းအဝေးမှာ စစ်သားလူသစ်တွေကိုကြိုဖို့ ရှမ်းဝတ်စုံ၊ ဗမာဝတ်စုံပြည့်တွေဝတ်ဖို့ဆိုပြီး ပြောတာ။ ခုကျမှ TNLA နဲ့ MNDAA ကို အကြမ်းဖက် အနေနဲ့ ဆန္ဒပြခိုင်းတာ၊ အရှင်းဆုံးပြောရရင် လိမ်ခေါ်တာပေါ့ဗျာ” ဟု ၎င်းကပြောသည်။
ကြွေးကြော်သံတိုင်ပေးသူမှာ စစ်ကြောင်းထိပ် ကားပေါ်မှ ဆောင်းဘောက်ဖြင့် တိုင်ပေးပြီး လိုက်အော်သူများမှာ အသံမထွက်ကြကြောင်း၊ ၎င်းအနေဖြင့် လယ်သမားသာဖြစ်၍ မိုးနဲတွင် ရေကြီးမှုနှင့် စစ်သားလူသစ်စုကိစ္စသာ ပြဿနာရှိနေပြီး TNLA နှင့် MNDAA တို့အကြောင်း မသိကြောင်း ယင်းမြို့ခံက ဆက်လက်ပြောသည်။
ဆန္ဒပြမှုတွင် စစ်ကြောင်းပုံစံဖြင့် ရှေ့တွင် မြန်မာအလံများကို ကိုင်ဆောင်ပြီး “ရှမ်းပြည်လူထု အေးချမ်းစွာနေနိုင်ရေး TNLA နှင့် MNDAA ရှမ်းဒေသမှ အမြန်ဆုံးထွက်ခွာပေး” ဆိုင်းဘုတ်ကို စစ်ကြောင်း ထိပ်တွင်ထားပြီး မြန်မာနှင့် ရှမ်းအလံငယ်များ ဝှေ့ယမ်းခိုင်းကာ ချီတက်စေကြောင်း သိရသည်။
ဆန္ဒပြရန်မသိဘဲ ဆင့်ခေါ်ခံရသည့်ပြည်သူ တစ်ထောင်ကျော်ရှိ၍ အနီးကပ်လုံခြုံရေးကို အပြာဝတ် လုံခြုံရေးများကယူပေးပြီး အဝေးမှ ရဲနှင့် တပ်များ စောင့်ကြည့်ခဲ့ကြောင်း သိရသည်။
#MeKongNews
#မိုးနဲမြို့
#TNLA
#MNDAA
#လိမ်လည်ဆန္ဒပြ








