မဲခေါင်၊ သြဂုတ် ၁၄
စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းအင်အား တစ်ထောင်ကျော်ဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာနှင့် တောင်ရှေ့ကျေးရွာများသို့ စစ်ကြောင်းထိုးနေပြီး PNLA နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း PNLA သတင်းစဥ်က ယမန်နေ့ သြဂုတ်၁၃ရက်တွင် ထုတ်ပြန်သည်။
ယင်းသို့ ထိုးစစ်ဆင်လာမှုကို PNLA က တပတ်ကျော်ကြာ ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီနှင့် လက်ပါးစေ ပြည်သူ့စစ် ၁၀၀ ခန့် ထိခိုက်သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“သြဂုတ် ၆ ရက်နေ့ကတဲက စစ်ကြောင်းထိုးလာတာ။ လက်နက်ကြီး၊ လေယာဥ်တွေနဲ့ အပြင်းအထန် ဗုံးကြဲနဲ့ သာလွန်အင်အားဆိုတော့ ကျနော်တို့ နောက်ဆုတ်ပေးခဲ့ရတယ်။ ကျနော်တို့က ရွာထဲမှာမနေပါဘူး။ အနီးက တောင်ကုန်းတောထဲတွေမှာနေတာပါ။ သူတို့ရွာထဲ ဝင်လို့ရသွားတော့ မီးရှို့တော့တာ။ ခုထိ ရွာတွေကို မီးရှို့နေဆဲပဲ” ဟု PNLA ပြောခွင့်ရ ခွန်ရိန်းယံက မဲခေါင်ကို ယနေ့ သြဂုတ် ၁၄ ရက်တွင် ပြောသည်။
ထိုသို့ ခုခံတိုက်ခိုက်ခဲ့သော်လည်း အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်လာခြင်းကြောင့် နောင်ထောဝ်ကျေးရွာအနီးနှင့် ကောင်ထိုကျေးရွာအနီးမှ ဆုတ်ခွာခဲ့ရသည်ဟု ပြောသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဥ်များဖြင့် ကျေးရွာများနှင့် PNLO/PNLA ဌာနချုပ်ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
နောင်ထောဝ်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီနှင့် လက်ပါးစေ PNO ပြည်သူ့စစ်များသည် သြဂုတ်လ ၉ ရက်နေ့တွင် နောင်ထော်ကျေးရွာကြီးရှိ ကယန်းပိုင်းရပ်ကွက် နှင့် နောင်ထောဝ် ကုလားလမ်းကျေးရွာကို မီးရှို့ခဲ့သဖြင့် နေအိမ် ၂၄ အိမ် ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းကျေးရွာများတွင် ပအိုဝ်းလူမျိုးများသာမက ကယား၊ ကရင်နီ လူမျိုးများပါ နေထိုင်ကြပြီး လက်ရှိတွင် အဆိုးဆုံး မီးရှို့ခံနေရသည်ဟု ခွန်ရိန်းယံက ပြောသည်။
၎င်းအပြင် စလောင်းထောင်ကျေးရွာ ဒေသခံ အသက် ၃၈ နှစ်အရွယ်အမျိုးသား တစ်ဦးကိုလည်း PNO ပြည်သူ့စစ်က သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ စကစနှင့် PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးခြင်း၊ ကျေးရွာကိုမီးရှို့ခြင်း၊ ဒေသခံကို ပစ်သတ်ခြင်း များကြောင့် ပြည်သူ ၂၀၀၀ ကျော်ခန့်သည် တောတောင်ထဲတွင်လည်းကောင်း၊ အခြားကျေးရွာများသို့ လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယခင်ကလည်း PNO ပြည်သူ့စစ်သည် ဆီဆိုင်မြို့နယ် ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာအတွင်းမှ မောင်းထုတ်ခဲ့ဖူးသည့်အပြင် ဆီဆိုင်မြို့နယ် တပူးထိုကျေးရွာကိုလည်း ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့သဖြင့် နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်။
#MeKongNews
#PNO
#PNLA
#ဆီဆိုင်မြို့နယ်
#စစ်ဘေးရှောင်
#ရှမ်းပြည်တောင်ပိုင်း
#ရွာမီးရှို့မှု








