မဲခေါင်၊ သြဂုတ် ၁၂
အွန်လိုင်းငွေလိမ်လုပ်ငန်း – ကျားဖြန့်လုပ်ကိုင်ရာတွင် အသုံးပြုသည့် စတားလင့်ခ် စက် ၄ လုံး၊ ဖုန်းမျိုးစုံ ၃၁ လုံးနှင့်အတူ တရုတ်နိုင်ငံသား ၅ ဦးကို ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့တွင် ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဖမ်းမိကြောင်း သိရသည်။
သြဂုတ်လ ၁၁ ရက် နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မိုင်းဖြတ်ဂိတ်၌ယာဥ်များကို စစ်ဆေးနေစဉ် ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ မောင်းနှင်လာသော TOYOTA WISH အမျိုးအစား အဖြူရောင်ယာဉ်မှာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအနီးတွင် တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းမိခြင်းဖြစ်သည်။
“မိနစ် ၂၀ လောက်ကြာတယ် မောင်းပြေးတာ၊ မိတယ် တရုတ် ၅ ယောက်နဲ့ ကျိုင်းတုံက ဒရိုင်ဘာကိုမိတယ်။ ကျားဖြန့် ဆက်သွယ်ရေးစက်တွေလည်း မိတယ်” ဟု ဖမ်းဆီးသည့် ပူးပေါင်းအဖွဲ့နှင့်နီးစပ်သူ သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။
ဖမ်းဆီးရမိသူများမှာ မိုင်းဇင်း ကျေးရွာ၊ ကျိုင်းတုံမြို့နေသူယာဉ်မောင်း အားချေ ၃၅ နှစ်နှင့် တရုတ်နိုင်ငံသားများဖြစ်ကြသည့် စီချွန်းပြည်နယ်၊ ယီပင်းခရိုင်၊ ကြွင်းနန်မြို့နေ ကျန့်ယုံ ၄၀ နှစ်၊ ကွေကျိုးပြည်နယ်၊ ပိကျယ်မြို့နေ ဟုန်ရှဲန့်ကျွိ ၁၈ နှစ်၊
ချုံချင့်ပြည်နယ်၊ ချန့်ကျန်းမြို့နေကောင်းယိ ၃၂ နှစ်၊ စီချွန်းပြည်နယ်၊ ချန်တူးခရိုင်၊ ကောက်ဖူမြို့နေ ကောက်လီ ၂၈ နှစ်နှင့် ဟူပိန်ပြည်နယ်၊ ဟူဟန်မြို့နေ ဖူကျင့် ၂၂ နှစ်တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ တရုတ်အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ရာတွင် အသုံးပြုသော Starlink စက် ၄ လုံး၊ ဖုန်းမျိုးစုံ ၃၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ယမန်နှစ်မတ် ၁၀ ရက်ခန့်က မြန်မာနိုင်ငံ၊ မိုင်းပေါက်မြို့ရှိ မိတ်ဆွေအားဟွေ ထံသို့သို့ ပန်ဆန်းမြို့၊ မုန်းအတံတားအနီးမှ တရားမဝင် ဝင်ရောက်ခဲ့ပြီး မိုင်းပေါက်မြို့ရှိ ရှင်းလီ ကာစီနို လောင်းကစားရုံ၌ တစ်လလျှင် တရုတ်ယွမ် ၁၅၀၀၀ ယွမ်ဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း စစ်ဆေးမေးမြန်းချက်အရ သိရသည်။
ယင်းနောက် မိုင်းပေါက်မြို့၌ တရုတ်နိုင်ငံသားများအား ဖမ်းဆီးနေသည့်အတွက် ဇူလိုင် ၅ ရက်တွင် မိုင်းပေါက်မြို့အနီးရှိ ‘ဝ’ လူမျိုး အိုက်ကပ်ပိုင် ရော်ဘာခြံတွင် သွားရောက် ပုန်းခို နေထိုင်ခဲ့ကြောင်းသိရသည်။
ဩဂုတ် ၈ ရက်တွင် ၎င်းတို့နှင့် WeChat မှတစ်ဆင့် ခင်မင်ရင်းနှီးခဲ့သည့် ဝမ်မင်ဆိုသူမှ လာအိုနိုင်ငံ၊ ဘော်ကဲယိုးပြည်နယ်၊ ဟွေဆိုင်းခရိုင်၊ တုံဖုန်မြို့နယ် အတွင်းရှိ ရွှေတြိဂံအထူးစီးပွားရေးဇုံတွင် အွန်လိုင်းဂိမ်းလုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများ၌ တစ်လလျှင် တရုတ်ငွေယွမ် ၁၅၀၀၀ ဖြင့် လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လာရောက် မည်ဆိုပါက စီစဉ်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်လာသဖြင့် ဩဂုတ် ၁၀ ရက်တွင် ဝမ်မင် စီစဉ်ပေးသော မော်တော်ယာဉ်ဖြင့် မိုင်းပေါက်-မိုင်းဖျန်-မိုင်းလွေ-မိုင်းခတ် လမ်းကြောင်းအတိုင်း စစ်ဆေးရေးဂိတ်များအား ရှောင်ကွင်း၍ တောလမ်းအတိုင်း လိုက်ပါခဲ့ကြောင်း သိရသည်။
လမ်းတွင်ရွာတစ်ရွာ၌ ညအိပ်ပြီး ဩဂုတ် ၁၁ ရက် နံနက် ၇ နာရီ ချိန်တွင် ၎င်းနေရာမှ ဆိုင်ကယ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း၊ ၈ နာရီခွဲတွင် ရေချောင်းတစ်ခုကို ဖောင်ဖြင့်ကူးပြီ စောင့်ဆိုင်းနေသည့်ကားဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသားများစွာသည် မြန်မာနိုင်ငံအတွင်း ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် ခိုးဝှက်ဝင်ရောက်လာပြီး အဆင်ပြေသည့်နေရာများရှိ ဒေသလက်နက်ကိုင် အာဏာရှိသူများနှင့်ပူးပေါင်းကာ လုပ်ငန်းများလုပ်ဆောင်နေသလို မကြာခဏလည်း ဖမ်းဆီးရမိနေကြောင်း သတင်းများအရ သိရသည်။
#MeKongNews
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#ရှမ်းအရှေ့
#လာအိုနိုင်ငံ








