မဲခေါင်၊ သြဂုတ် ၉
၁၉၈၅ ခုနှစ်က ကြုံတွေ့ခဲ့သည့် ရေကြီးမှုနောက်ပိုင်း ကွန်ဟိန်းမြို့တွင် အဆိုးဆုံးရေကြီးမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ်လ ၈ ရက် နံနက်အစော လူအများအိပ်ချိန်တွင် ရေတက်လာသည့် နမ့်ပန်ချောင်းရေကြောင့် အိမ်များအတွင်း ရေ ၄ ပေ ခန့်အထိ ဝင်ရောက်ခဲ့ကာ ပစ္စည်းအများအပြားပျက်စီးခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။
မြို့ပေါ် ၅ ရပ်ကွက်တွင် ချောင်းဘေးကျသည့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၅ တို့ အဓိကထိခိုက်ခဲ့ပြီး ရပ်ကွက် ၅ ရှိ နားတိုးဘက်တွင် အိမ်များသာမက စိုက်ပျိုးလယ်မြေအများအပြား ရေနှင့်မျောပါ ပျက်စီးခဲ့ကြောင်း သိရသည်။
“ညကြီးရေတက်လာတော့ အကုန်ထကြရတာပေါ့။ ရေက ဒီမနက် တန့်နေတယ်။ မကျသေးဘူး။ မိုးဆက်ရွာရင်ရယ်၊ ဟိုးတောင်ပေါ် ရေကျလာရင်ဆိုပြီး ရေလွတ်ရာရွှေ့ဖို့ ပြင်ဆင်ထားကြရတယ်” ဟု ၁ ရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ယနေ့ ဩဂုတ်လ ၉ ရက်တွင် ပြောသည်။
ဆေးရုံ၊ စျေး တို့တွင် ရေအများဝင်ရောက်ခဲ့သော်လည်း ချောင်းနှင့်ဝေးပြီး အမြင့်ပိုင်းဖြစ်သည့် ရပ်ကွက် ၃ နှင့် ၄ တို့မှာ ရေဘေးဒဏ် မခံရကြောင်း သိရသည်။
ရေမျောပါ ပျက်စီးရသည့် လယ်ဧက ရာချီ ရှိနေပြီး ရာသီအမီ ထပ်မံစိုက်ပျိုးနိုင်ရန် မျိုးစပါးများ လိုအပ်မည်ဖြစ်သလို ရာသီဥတု ထပ်မံမဆိုးရွားဖို့ လိုအပ်မည်ဟုလည်း ဒေသခံတစ်ဦးက ဆိုသည်။
၁၉၈၅ ခုနှစ်က ရေကြီးမှုတွင် ယခုလောက်မဆိုးဘဲ ၃ ပေခန့်သာ ရေတက်ပြီး ယခု ၄ ပေခန့်အထိ တက်ရောက်သဖြင့် ယခင်ကထက် ပိုမိုဆိုးရွာကြောင်း သိရသည်။
ကွန်ဟိန်းဟု မြန်မာလိုခေါ်ဆိုသည့် မြို့အမည်အမှန်မှာ ကွန်ဟိန်ဖြစ်ပြီး ရေလယ်ကျွန်း အရေအတွက်တစ်ထောင်ရှိသည့် အဓိပ္ပါယ်ဖြစ်ကြောင်း သိရသည်။
မဟာ
#MeKongNews
#ရှမ်းတောင်
#ကွန်ဟိန်း
#ရေကြီးနစ်မြုပ်
#လယ်ပျက်စီး
Photo – Jao Tai Num








