မဲခေါင် ၊ သြဂုတ် ၇
ရှမ်းပြည်တောင်ပိုင်း – ကရင်နီဒေသ နယ်စပ်၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက ၁၀ရက်ကျော်ကြာလမ်းလျှောက် တိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၂၀၀ ဦးခန့် ကို ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ခေါ်ယူကယ်ဆယ်ခဲ့ကြောင်း job for kayah အဖွဲ့ထံမှ သိရသည်။
ယင်းစစ်ရှောင်များမှာမိုးဗြဲ၊ ဖယ်ခုံ အရှေ့ဖက်ကမ်းက ပြည်သူစစ်ရှောင်များဖြစ်ပြီး ၁၀ရက်ကျော် လမ်းလျှောက်ပြီး လမ်းတဝက်မှ စောင့်ကြိုကယ်ထုတ်ရသည်ဟု jfk အဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ယနေ့ သြဂုတ် ၇ ရက်တွင် ပြောသည်။
“မနေ့က ကယ်ထုတ်တာ စစ်ဘေးရှောင် ပြည်သူ၂၀၀ဦးခန့်ပါဗျ။ အရှေ့ဖက်ခြမ်းတကြောလုံးက ထွက်လာတဲ့ရွာသားတွေပါဗျ။ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲထွက်ပြေးလာကြရတော့ လိုအပ်ချက်တွေက အရမ်းများပါတယ်၊ နေစရာ၊ ဝတ်စရာ၊ စားစရာရိက္ခာ၊ အစုံပေါ့။ ဒါက ဒုတိယအကြိမ်ပါ” ဟု ၎င်းက ပြောသည်။
စစ်ဘေးရှောင်များတွင် ဖျားနာသူများရှိနေပြီးအရေးပေါ်စစ်ရှောင်လာရသည့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊အသုံးအဆောင်များ သွားကူရန်ကြိုးစားနေကြောင်း jfk အဖွဲ့ဝင်ကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆၊ ၂၇ ရက်များကလည်း ဖယ်ခုံအရှေ့ဘက်ခြမ်းရှိ ကျေးရွာများမှ လူဦးရေ ၃၀၀ ကျော်ကို စစ်ရှောင်ကူညီရေးအဖွဲ့များက သွားရောက်ကယ်ထုတ်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ရှောင်၂၀၀ခန့်ကို Jobs for Kayah၊ Free Burma Ranger (FBR)၊ Karenni Hope၊ Clean Yangon IEC ၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက လမ်းတစ်နေရာမှ ကားနှင့် သွားရောက်ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က ရှမ်း – ကရင်နီ နယ်စပ်ရှိ လွိုင်ကော် – မိုးဗြဲ လမ်းမကြီးကို စစ်ကောင်စီက ထိန်းချုပ်လိုက်ခြင်းကြောင့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဒေသခံများ ထောင်နှင့်ချီ ထွက်ပြေးခဲ့ရကြောင်း သိရပြီး ကရင်နီဒေသတွင်
ဇူလိုင်လအတွင်း စစ်ဘေးရှောင်ဦးရေ တစ်သောင်းခွဲ ဝန်းကျင်ထိရှိခဲ့ကြောင်း သိရသည်။
မဟာ
#MeKongNews
#ကရင်နီ
#စစ်ဘေးရှောင်
#ဖယ်ခုံမြို့နယ်
#မိုးဗြဲ








