မဲခေါင်၊ သြဂုတ် ၄
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်း-ရွာငံ-မန္တလေး လမ်းမကြီးပေါ်ရှိ မြသပိတ်ရေပြာအိုင်အနီးတွင် ဓနုဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၁၀၀၃ တပ်ရင်းမှ လုံခြုံရေးယူ ဆောင်ရွက်ခဲ့သည်ဟု ယင်းတပ်ရင်းက ယနေ့ ထုတ်ပြန်ထားသည်။
ယနေ့ သြဂုတ်လ ၄ ရက်နေ့စွဲပါ ယင်းထုတ်ပြန်ချက်တွင် ဓနုဒေသ ပြည်သူလူထုနှင့် ရင်းနှီးမှုပိုမိုခိုင်မြဲစေရန်နှင့် လုံခြုရေးအတွက် ရှေ့ရှု၍ ယာဥ်အသွားအလာနှင့် မူးယစ်ဆေးအန္တရာယ် ကာကွယ်ရန်တို့အတွက် ယမန်နေ့ သြဂုတ်လ ၃ရက်က ရှောင်တခင် စစ်ဆေးခဲ့သည်ဟု ဖော်ပြထားသည်။
“လူထုတွေက ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်တာမျိုးရှိပါတယ်။ စစ်ကောင်စီကို မကြိုက်တဲ့အတွက် ပါဝင်ကူညီမှုတွေလည်း ရှိပါတယ်” ဟု ၁၀၀၃ တပ်ရင်း DANU PDF ပြန်ကြားရေးက မဲခေါင်ကို ပြောသည်။
၎င်းတို့တပ်ရင်းမှ ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ရာတွင် ပြည်သူထုထိခိုက်မည်ကို အထူးဂရုစိုက်ကြောင်း၊ စစ်ကောင်စီကို ကြောက်စရာမလိုကြောင်း၊ စစ်တပ်ထုတ်ကုန်များ မသုံးစွဲကြရန်နှင့် စစ်ဆေးစဥ်တွေ့ရှိပါက ပစ္စည်းများ ထိန်းသိမ်းခံရမည်ဟု ပါရှိသည်။
ယင်းတပ်ရင်းအနေဖြင့် စစ်ကောင်စီ၏စစ်ကြောင်းများက ရွာငံနယ်အတွင်း ရွာများသို့ ဒုက္ခပေးနေသည်များကို သီးခြားထုတ်ပြန်မည်ဟု ဆိုသည်။
“ကျွန်တော်တို့ ၁၀၀၃ တပ်ရင်းအနေဖြင့် ခြေသံလုံလုံဖြင့် စစ်ရေးလှုပ်ရှားမှုတွေကို အဆက်မပြတ် ဆောင်ရွက်နေကြောင်း မိဘပြည်သူတို့ကို အသိပေးအပ်ပါသည်” ဟု ဆိုသည်။
၁၀၀၃ တပ်ရင်းဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF သည် အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံဖြစ်ပြီး ၂၀၂၁ ခုနှစ်က ဖွဲ့စည်းခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။
မဟာ
#MeKongNews
#DanuPDF
#ဓနု
#ရွာငံရေပြာအိုင်
#အောင်ပန်းရွာငံလမ်း
#၁၀၀၃တပ်ရင်း








