မဲခေါင်၊ ဇူလိုင် ၃၀
စစ်မှုထမ်းအပတ်စဉ် ၉မှ သင်တန်းသားတစ်ဦး ဟိုပုံးမြို့အခြေစိုက် သင်တန်းကျောင်းတွင် တက်ရောက်နေစဉ်ထွက်ပြေးသည့်အတွက် ဖမ်းဆီးရိုက်နှက်ရာ သေဆုံးသွားကြောင်း တပ်တွင်းသတင်းရင်းမြစ်ကို ကိုးကားပြီး မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့-MDSI က ယနေ့ ဇူလိုင်၂၉ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဟိုပုံးရှိ စစ်ကောင်စီ၏ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (တကန) တွင် အပတ်စဉ် ၉ စစ်မှုထမ်းသင်တန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ရက်က ဖွင့်လှစ်ခဲ့ပြီးနောက် တစ်လအကြာတွင် သင်တန်သား ၄ဦး ထွက်ပြေးကြရာ PNO အဖွဲ့မှ တစ်ဦးဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းကို စစ်တပ်ထံ ပြန်အပ်ခဲ့ရာတွင် စစ်သင်တန်းနည်းပြ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း MDSI ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိသားစုဝင်များထံသို့မူ ထိုသင်တန်းသားမှာ ကျန်းမာရေးကြောင့် သေဆုံးသွားသည်ဟု ဆိုကာ လိမ်ညာအကြောင်းကြားခဲ့ကြောင်းလည်း MDSI က ဆိုသည်။
“ခုမှ ထုတ်ပြန်ရတာက အသေအချာ အတည်ပြုနိုင်ပြီဖြစ်လို့ နောက်ကျနေပေမယ့် ပြည်သူတွေသိအောင် ထုတ်ပြန်ရခြင်းပါ” ဟု MDSI အဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ယနေ့ ဇူလိုင် ၃၀ရက်တွင် ပြောသည်။
ဟိုပုံးမြို့အခြေစိုက် စစ်တပ်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (တကန) သင်တန်းကျောင်းသည် စစ်မှုထမ်းလူသစ်အများဆုံး လက်ခံလေ့ကျင့်ပေးနေသော စစ်သင်တန်းကျောင်းဖြစ်ကြောင်း MDIS က ဖော်ပြသည်။
စစ်မှုထမ်းအပတ်စဉ်လိုက် သင်တန်းသား ပျှမ်းမျှ ၅၀၀ ဝန်းကျင်ကို စစ်သင်တန်းပေးလျက်ရှိပြီး သင်တန်းထဲ၌ ရိုက်နှက်နှိပ်စက်ခြင်း၊ ထွက်ပြေးသူများကို ပစ်ခတ်သတ်ဖြတ်မှုများကြောင့် စစ်မှုထမ်း သင်တန်းသားအချို့ သေဆုံးမှုများရှိနေကြောင်းလည်း MDIS က ဆိုသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် စစ်သားသစ်ရရှိရေးအတွက် စစ်မှုထမ်းအကျုံးဝင်သူများကို အတင်းအဓမ္မဖမ်းဆီးကာ စစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်တွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားများကို လူသားဒိုင်းအဖြစ် ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင် အသုံးချလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
#MeKongNews
#စစ်မှုထမ်း
#ဟိုပုံးမြို့
#MDSI
#ရှမ်းပြည်တောင်ပိုင်း








