မဲခေါင်၊ ဇူလိုင်၂၈
ကလောအခြေစိုက် စစ်ကောင်စီ တမခ ၅၅က ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်ကို နယ်မြေရှင်းလင်းရေးအတွက် အင်အားအပြည့်ဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများ သတိထားကြရန် တော်လှန်ရေးတပ်များက သတိပေးနေသည်။
ယမန်နေ့ ဇူလိုင်လ ၂၇ ရက်က ရွာငံတစ်နေရာတွင် ဓနုအမျိုးသားကာကွယ်ရေးတပ်တော် – DSNDAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းပြန်ကြားရေးက ပြောသည်။
“ဝင်လာပီဗျမနေ့ကတစ်ပွဲဖြစ်တယ်။ တော်တော် များများ ကျတယ်။ ခွေးဖက်အင်အား တအားများတော့ ရှေ့ဆက်တိုးနေတယ်။ အလောင်းတွေ ကားပေါ်တင်ပြီး ရှေ့ဆက်တိုးတာ အရင်လို ပြန်မဆုတ်ဘူး” ဟု DSNDA မှ ပြန်ကြားရေးတာဝန်ခံကျားပျံက မဲခေါင်သို့ ယနေ့ ဇူလိုင် ၂၈ရက်တွင် ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်က ရွာငံမြို့နယ်ရှိ လူဦးရေ ၇၀၀ ကျော်၊ အိမ်ထောင်စု ၁၉၉ စုနေသည့် မင်းပလောင်ရွာ တစ်ရွာလုံးရှိ အိမ်အလုံး ၁၇၉ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နောက်ပိုင်းဝင်ရောက်သည့် စစ်ကြောင်းများက ပေါ်တာဆွဲခြင်း၊ အသွားအလာ ကန့်သတ်ခြင်း၊ ဖုန်းများသိမ်း၍ စစ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံများ အထူးသတိပြုကြရန် တော်လှန်ရေးတပ်များက သတိပေးလျက်ရှိကြောင်း သိရသည်။
ရွာငံ၊ ပင်းတယနယ်မြေသည် တမခ ၅၅ ၏ စစ်ရေး၊ စည်းရုံးရေးနယ်မြေဖြစ်သလို ယင်းနယ်မြေအတွင်း ဓနုအမျိုးသားကာကွယ်ရေးတပ်တော် – DSNDA နှင့် ပြည်သူ့သားတပ်ဖွဲ့ PSF၊ ဂျိုးဖြူ၊ ရွာငံ ဓနု PDF တပ်ဖွဲ့များ လှုပ်ရှားနေသည့် နယ်မြေ ဖြစ်ကြောင်း သိရသည်။
ကလောအခြေစိုက် တမခ ၅၅ သည် လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း နောင်ချို၌ နည်းဗျူဟာ တစ်ခု၊ ကျောက်ဖြူ၌ နည်းဗျူဟာ တစ်ခုနှင့် နေပြည်တော်၌ တပ်ရင်း တစ်ရင်း တပ်ဖြန့်ခွဲကာ ရှိနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ – MDSI၏ အဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ ပြော သည်။
“နည်းဗျူဟာ ၃ ခုရှိတာ၊ ကျန်နေတဲ့နည်းဗျူဟာ တစ်ခုအပါအဝင် တွဲဖက်၊ အရန်၊ လက်ရုန်းတပ်တွေ အနည်းဆုံးအင်အား ၄၀၀ မှ ၈၀၀ အထိ ပါဝင်နိုင်တယ်။ အဓိက UAV ဒရုန်းတွေ သုံးနိုင်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ကာကွယ်ရေးဌာနဖွဲ့စည်းပုံ (ကဖ ၅၊ င ၂၀၁၃)တွင် တပ်မတစ်ခု၌ လက်အောက်ခံ နည်းဗျူဟာ-၃ခုရှိပြီး ၎င်းတို့၌ တပ်ရင်း-၃ ရင်းစီနှင့် တပ်မဌာနချုပ် ၏ အရန်တပ်ရင်း – ရင်းတစ်ရင်းတို့ ဖွဲ့စည်းထားရှိကြောင်း MDSI ထံက စုံစမ်းသိရသည်။
မဟာ
#MeKongNews
#ရွာငံမြို့
#နယ်မြေရှင်းလင်းရေး
#တမခ၅၅
#DSNDA








