မဲခေါင်၊ ဇူလိုင် ၂၈
တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲကျော် ရောက်ရှိနေပြီး ကြီးမာသည့်ရေဘေး အခြေအနေကို ကြုံနေရသည်ဟု ဒေသခံများထံမှ သိရသည်။
မယ်ဆိုင်ချောင်းရေသည် ဇူလိုင်လ ၂၈ ရက်နေ့ မနတ် ၆ နာရီခွဲ တိုင်းထွာချက်များအရ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာရှိ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၅ပေခွဲ ကျော်လွန်နေပြီး နောက် ၁ရက်အတွင်း (၂)ပေခန့် ထပ်မံမြင့်တက်လာနိုင်သည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနှိမ့်ပိုင်းနေသူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်ကြရန် မိုးဇေလက သတိပေးထားသည်။
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် မယ်ဆိုင်ချောင်းရေအမှတ် ၅၂၂ စင်တီမိတာ ၏ အထက်သို့ ရောက်ရှိလာနေခြင်း ဖြစ်သည်။
မယ်ဆိုင်ချောင်းရေသည် တဖြေးဖြေး တိုး၍ လာနေပြီး တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်များတွင်းသို့ ရေဝင်ရောက်လာသည့်အတွက် ပုန်းထွန် ရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဝမ်ကောင်း၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊ မယ်ခေါင်ရပ်ကွက်များ၏ အနိမ့်ပိုင်းနေအိမ်များတွင် ဇူ ၂၈ရက် နံနက် ၃နာရီခွဲ အချိန်မှစ၍ မယ်ဆိုင်ချောင်းရေ စတင်ဝင်ရောက်လျက်ရှိပြီ ဖြစ်သည်။
“ဒါ ဒီနှစ်အတွက်တော့ ရေအကြီးဆုံးဖြစ်မယ် ထင်တယ်။ ရေကြီးပြီးလို့ ရေပြန်ကျရင် တင်ကျန်တဲ့ နှုံးဖယ်ရတာ အတော်ဆိုးတာ” ဟု ဆန်ဆိုင်း (က) နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
မကြာခဏ ရေကြီးရေလျှံဖြစ်ပေါ်နေသည့် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းသည် မိုင်းဆတ်မြို့နယ်မှ မြစ်ဖျားခံ၍ အနောက်မှ အရှေ့သို့ ၃၈ မိုင် စီးဆင်းနေကြောင်းနှင့် မယ်ဟုတ်ချောင်း၊ မယ်ခေါင်ချောင်းသည် မယ်ဆိုင်ချောင်းအတွင်းစီးဝင်ကာ ရွှေတြိဂံဒေသတွင် မဲခေါင်မြစ်သို့ စီးဝင်ကြောင်း ဒေသအချက်အလက်များအရ သိရသည်။
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်ချောင်း
#ရေကြီးရေလျှံ
#ရှမ်းအရှေ့








